တာချီလိတ်မြို့တွင် အိမ်ခန်းငှားခများ အဆမတန်မြှင့်တက်နေပြီး လကုန်၍ မပေးနိုင်ပါက အိမ်ရှင်များက မောင်းချ၊ ငွေပိုပေးသည့် အထောက်အထားမဲ့ နိုင်ငံခြားသားများကို ဦးစားပေးငှားရမ်း

 တာချီလိတ်မြို့တွင် အိမ်ခန်းငှားခများ အဆမတန်မြှင့်တက်နေပြီး လကုန်၍ မပေးနိုင်ပါက အိမ်ရှင်များက မောင်းချ၊ ငွေပိုပေးသည့် အထောက်အထားမဲ့ နိုင်ငံခြားသားများကို ဦးစားပေးငှားရမ်း
ဇူလိုင် 17, 2022 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့ဖြစ်သည်နှင့်အညီ တရားမဝင် နိုင်ငံခြားသားများ ငှားရမ်းနေထိုင်မှုများကြောင့် အခန်းငှားခများမှာ မြှင့်တက်လာနေပြီး  ငှားရမ်းနေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် လကုန်၍ အိမ်ခန်းခ မပေးနိုင်ပါက အိမ်ရှင်များက ချက်ချင်းမောင်းထုတ်နေမှုများ ရှိနေသည်ဟု သိရသည်။

"တာချီလိတ်မှာ အိမ်ခန်းငှားတွေ တော်တော်လေး အခက်တွေ့နေကြတာပါ။ အခန်းပိုင်ရှင်တွေက တရုတ်တွေ ထိုင်းတွေကိုပဲ အဓိက ပေးငှားကြတာများလာတော့ အိမ်လစာတွေလည်း အရမ်းတက်လာတယ်။ အရင်ကဆိုရင် ဘတ်(၂,၀၀၀) အဲ့ကနေ ဘတ်(၂,၅၀၀) အခုကတော့ ဘတ်(၃,၅၀၀)အထိ ဖြစ်လာပြီ။ ဒါတောင် ရေခ မီတာခတွေ မပါသေးဘူးနော်။ မီတာခဆိုလည်း ပိုကောက်တယ်။ တစ်ယူနစ်ကို (၁၀)ဘတ်ကောက်တာ။ လကုန်လို့မှ အိမ်လခမပေးနိုင်ရင် အိမ်ရှင်တို့ အိမ်ခန်းငှား တာဝန်ခံတို့က မောင်းထုတ်ရင် ချက်ချင်းပဲ။ နင်တို့မနေလည်း နောက်လူ လာနေမှာပဲ ဆိုတဲ့ ပုံစံမျိုးနဲ့"ဟု နေအိမ်ခန်းငှားနေထိုင်သည့် အမျိုးသမီးတစ်ဦးက Tachileik News Agency သို့ ပြောပြသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် Covid-19 ဒုတိယလှိုင်းကာလတုန်းက နေအိမ်နှင့်ဆိုင်ခန်းငှားပိုင်ရှင်များ အနေဖြင့် (၃)လတာ ကာလအတွင်း ငှားရမ်းခများ လျှော့ပေးနိုင်ရေးအတွက် ခရိုင်/မြို့နယ် Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့က မေတ္တာရပ်ခံရာ ထိုစဉ်က သက်ဆိုင်ရာ ရပ်ကွက်ရုံးများက နေအိမ်အခန်းနှင့်ဆိုင်ခန်းငှားပိုင်ရှင်များနှင့် တွေ့ဆုံပြီး ငှားရမ်းခလျှော့ပေါ့ပေးရန် ညှိနှိုင်းပေးမှုများ လုပ်ဆောင်ရာ အချို့အိမ်ရှင်များမှာ ထက်ဝက်နှုန်းအထိ လျှော့ပေါ့ကောက်ခံခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ပြီး ထိုစဉ်က အိမ်ခန်းငှားပိုင်ရှင် အချို့မှာ အိမ်ငှားများကို  အိမ်လခ လျှော့ပေးသည့်အပြင် စားနပ်ရိက္ခာများလည်း ထောက်ပံ့မှုများပါ ရှိခဲ့သေးသည်။

"အခု တာချီလိတ်မှာ အိမ်ခန်းငှားနေသူတွေ တော်တော်များများ ဒုက္ခရောက်နေကြတယ်။ မယ်ဆိုင်တံတားကလည်း မဖွင့်။ တာချီလိတ်မှာ ဆိုင်တွေတာ အများကြီးဖွင့်နေကြပေမဲ့ တကယ်က အလုပ်အကိုင်နဲ့ စီးပွားရေးက မကောင်းကြပါဘူး။ အိမ်ခန်းငှား ပိုင်ရှင်တွေက ဈေးတွေတက်ပြီး တောင်းနေကြတယ်။ ၂၀၁၉ တုန်းက ဆိုရင်တော့ တစ်ခန်းကို ဘတ်(၂၅၀၀)လောက်ပဲရှိတယ် အခုက အနည်းဆုံး တစ်ခန်းကို ဘတ်(၃၅၀၀)ကနေ ဘတ်(၄၀၀၀)အထိ ဈေးတက်ကုန်နေကြပြီ။ သူတို့တောင်းတဲ့အတိုင်း ပေးနိုင်ရင်ပေး၊ မပေးနိုင်ရင် ဒီကနေ ချက်ချင်းပြောင်းဆိုပြီး အိမ်ရှင်တွေက မောင်းထုတ်နေကြတယ်။ တာချီလိတ်မှာက အိမ်ခန်းတစ်နေရာကနေ နောက်တစ်နေရာကို ပြောင်းဖို့ ရွှေ့ဖို့ဆိုတာက ဘယ်လိုမှကို အဆင်မပြေကြဘူး။ အိမ်ခန်းငှားတွေက ဈေးတက်လာသလောက် အိမ်ခန်းငှား အလွတ်တွေဆိုတာကလည်း အတော်လေး ရှားပါးနေတယ်။ များသောအားဖြင့် တရုတ်တွေ ငှားနေကြတာလည်း ပါတာပေါ့။ ခေတ်ကာလက မကောင်းပါဘူးဆိုမှ ပိုက်ဆံရှိတဲ့ အိမ်ရှင်တွေက စာနာမှုလုံးဝ မရှိကြဘူး။  ဘယ်သူ သေသေ ငတေမာရင်ပြီးရောဆိုတဲ့ လူမျိုးတွေပဲ။"ဟု အိမ်ခန်းငှားရမ်းနေထိုင်သူ တစ်ဦးက ပြောသည်။



တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်သည့် အတွက် ဒေသအသီးသီးမှ လာရောက် အလုပ် လုပ်ကိုင်သူ များပြားသဖြင့် အိမ်ခန်းငှားရမ်းသည့် အဆောက်အဦပေါင်း (၇၀၀) ကျော်တွင် အိမ်ခန်းပေါင်းထောင်နှင့်ချီ၍ ရှိနေပြီး ဈေးဆိုင်ခန်းမဟုတ်သည့် လူနေရန် အခန်းငှား အခန်းတစ်ခန်းလျှင် အနည်းဆုံး ဘတ် (၂၀၀၀) မှ ဘတ်(၇,၀၀၀)အထိ၊ ဆိုင်ခန်းများအနေဖြင့် အနည်းဆုံး ဘတ်(၅,၀၀၀)မှ ဘတ်(၂၀,၀၀၀) အထက်အထိ ရှိကြောင်း သိရသည်။



 

"တာချီလိတ်မှာတော့ တိုးတက်လာတယ်ပြောကြတယ်။ တရုတ်စားသောက်ဆိုင်တွေ Club တွေ KTV တွေ အပျော်အပါးနေရာတွေ များလာတာ မှန်တယ်။ လက်လုပ်လက်စားတွေအတွက်ကတော့ အဆင်မပြေဘူး အိမ်ခန်းငှားခ အတော်လေးများလာတယ်။ ဒီကြားထဲ မီတာခကို အိမ်ရှင်တွေက ပိုကောက်ကြတယ်။ ဒါကိုလည်း မီးလင်းရေးက တာဝန်ယူဖြေရှင်းပေးနိုင်ရင် ကောင်းတယ်။ ကျွန်တော်တို့မှာတော့ဗျာ တံတားကလည်း မဖွင့် အလုပ်အကိုင်ကလည်း အဆင်မပြေနဲ့ စိတ်ညစ်နေရတယ်ဗျာ"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်တွင်းနေသူ အမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် အထောက်အထားမဲ့ နိုင်ငံခြားသားများဖြစ်သည့် တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘာဒီးယား၊ ဗီယက်နမ်တို့ အများဆုံးနေထိုင်ပြီး ၎င်းတို့သည် အိမ်ခန်းငှားများ ငှားရမ်း၍ နေထိုင်သည့်အတွက် နေအိမ်ပိုင်ရှင်များကို အထောက်အထားမဲ့နိုင်ငံခြားသားများအား လက်ခံမှုအဖြစ် (၁၉၄၇)ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဌာန်းချက်များ အက်ဥပဒေ ပုဒ်မ    ၁၃(၅)အရ အရေးယူနိုင်ကြောင်းလည်း သိရပြီး အဆိုပါ ပုဒ်မသည် အနည်းဆုံး ထောင်ဒဏ် (၆) လ မှ အများဆုံး ထောင်ဒဏ် (၅)နှစ်အထိ ချမှတ်နိုင်သည်ဟု သိရသည်။

"တာချီလိတ်မှာ အထောက်အထားမဲ့ နိုင်ငံသားတွေ ဘယ်နေရာမှာ အိမ်ခန်းငှားနေတယ်။ ဘယ်မှာနေတယ်ဆိုတာကို ရဲနဲ့စစ်တပ်က သိတယ်။ သူတို့လည်း ငွေလိုရင် သွားတောင်းလို့ရတော့ ဘာအသံမှ မထွက်ဘူး၊။ အခုဆိုရင် တာချီလိတ်က ကြာလာရင် တရုတ်မြို့လိုမျိုး ဖြစ်လာတော့မယ်။ အိမ်ငှားတွေနဲ့ ပတ်သက်ပြီး နေအိမ်အခန်းငှားပိုင်ရှင်တွေ တော်တော်များများကတော့  ကိုယ့်မြန်မာတွေထက် တရုတ်တွေ၊ ထိုင်းတွေကို ပေးငှားထားတာတွေများတယ်။ သူတို့ကို လဝကအက် ၁၃(၅)နဲ့တောင် အရေးယူလို့ရတယ်။"ဟု တရားရေးပိုင်းက အမည်မဖော်လိုသူ တစ်ဦးက ထောက်ပြပြောဆိုသည်။

 

နေအိမ်အခန်းငှားများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနထံ လုပ်ငန်းလိုင်စင် လုပ်ဆောင်ရပြီး တစ်နှစ်လျှင် လိုင်စင်ကြေးအဖြစ် ကျပ်(၁)သိန်းဝန်းကျင်ကနေ ကျပ်(၂)သိန်းဝန်းကျင်အထိ ပေးဆောင်ရပြီး ပြည်တွင်းအခွန်များဦးစီးဌာနတွင်လည်း ဦးစီးမှူးနှင့် အခွန်များကို ညှိနှိုင်းပေးဆောင်ရသည်ဟုလည်း အိမ်ခန်းငှားပိုင်ရှင်များထံက သိရသည်။

၂၀၂၁ခုနှစ်   ဇူလိုင်လအထိ စာရင်းအရ တာချီလိတ်မြို့ပေါ် ရပ်ကွက်ပေါင်း (၁၁)ရပ်ကွက်အတွင်း၌ နေအိမ် အခန်းငှားရမ်းနေသည့် အဆောက်အဦ အရေအတွက်မှာ ပုန်းထွန် ရပ်ကွက်တွင် (၇၀)ကျော်၊ တာလော့ ရပ်ကွက်တွင် (၅)နေရာ၊ ဝမ်ကောင်း ရပ်ကွက်တွင် (၁၀၀)ကျော်၊ မကာဟိုခမ်း ရပ်ကွက်တွင် (၈၀)ဝန်းကျင်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် (၁၆၂)နေရာ၊ ဆန်ဆိုင်း(က) ရပ်ကွက် (၃၀)နီးပါး၊ မယ်ခေါင်ရပ်ကွက်တွင် (၈၀)ဝန်းကျင်၊ ရန်အောင်မြေရပ်ကွက်တွင် (၁၃၀) ဝန်းကျင်၊ ဝိန်းကျောက်ရပ်ကွက်တွင် (၆၀) ဝန်းကျင်၊ ပါဆတ်ရပ်ကွက်တွင် (၁၅)ဝန်းကျင်၊ ဆေခမ်းရပ်ကွက်တွင် (၁၀)ဝန်းကျင် စုစုပေါင်း နေအိမ်အခန်းငှားအဆောက်အဦ (၇၀၀)နီးပါးမှ အခန်းပေါင်း ထောင်နှင့်ချီ၍ရှိကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများထံမှ သိရသည်။

ယခု ၂၀၂၂ခုနှစ်တွင် ၂၀၂၁ခုနှစ်ကထက် အခန်းငှားအရေအတွက် ပို၍ များလာနေကြောင်းလည်း သိရသည်။