ခင်ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသဖြင့် ဒေသခံထောင်ချီထွက်ပြေးရ

ခင်ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသဖြင့် ဒေသခံထောင်ချီထွက်ပြေးရ
ဇန်နဝါရီ 3, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် ဒေသခံထောင်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့ကစတင်ကာ မူးသားကုန်းရွာနှင့် ကုက္ကိုစုရွာတို့တွင် တပ်စွဲညအိပ်ခဲ့သည့် စစ်ကောင်စီတပ် အင်အား (၁၀၀)ဝန်းကျင်သည် ယနေ့ ဇန်နဝါရီလ (၃)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ(၈၀၀၀)ကျော် တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် မူးမြစ်ကို ဖြတ်ကူးကာ အရှေ့ဘက်နှင့် အနောက်ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးလာခြင်းကြောင့် ရေဦး၊ ခင်ဦးကားလမ်းဘေးရှိ အင်တိုင်း(တောင်၊မြောက်)ရွာ၊ အင်းပတ်၊ သရက်ပင်စု၊ ကားဆိပ်၊ မကျီးအုပ်၊ မြင်းဒေါင်း၊ ယာတော်၊ မြင်းဒေါင်း၊ မြင်းကျစသည့်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် ခင်ဦးနယ်အနောက်ခြမ်း မြင်းဒေါင်းကျေးရွာအတွင်း ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး