ပုသိမ်မြို့မှ သတင်းထောက်ဟောင်းတစ်ဦးကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီး

ပုသိမ်မြို့မှ သတင်းထောက်ဟောင်းတစ်ဦးကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီး
အောက်တိုဘာ 24, 2021 | အခြားဒေသများ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်တပ် အာဏာမသိမ်းမီအချိန်ကတည်းက အလုပ်မှနားထားပြီးဖြစ်သည့် သတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို အာဏာသိမ်းအဖွဲ့က ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့ကတည်းက ဖမ်းခေါ်သွားပြီး ယနေ့အထိ စစ်ကြောရေးမှ ပြန်မလွှတ်သေးကြောင်း သိရသည်။

အခုထိ မထူးသေးဘူး။ ပြန်လည်း မလွတ်သေးဘူး။ ရဲစခန်းလည်း မရောက်သေးဘူး။ သူကအလုပ် မလုပ်တာနှစ်နဲ့ချီကြာနေပြီ။ ဘာလို့ဖမ်းလဲမသိဘူး။

ဟု နီးစပ်သူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကိုမျိုးမင်းထွန်းကို ပုသိမ်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ငဝန်ကျွန်းသာ (၁)ရှိနေအိမ်မှ အောက်တိုဘာလ (၂၂) ရက်နေ့ ညနေ (၃) နာရီဝန်းကျင်တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက အရပ်ဝတ်ထားကာ အိမ်စီးကား (၃) စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

ကိုမျိုးမင်းထွန်းကို အာဏာသိမ်းအဖွဲ့က အနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲကို ခေါ်ဆောင်သွားကြောင်းသိရပြီး မိသားစုနှင့်လည်း အဆက်အသွယ်မရသေးကြောင်း သိရသည်။

#TachileikNewsAgency