ခါမ်းပါတ်တိုက်ပွဲအတွင်း တပ်ပျက်ပြီးဆုတ်ခွါသွားစဉ် သေဆုံးကျန်ရစ်ခဲ့သည့် စစ်ကောင်စီတပ်သားများအား တော်လှန်ရေးတပ်ဘက်က ထုတ်ပြန်

ခါမ်းပါတ်တိုက်ပွဲအတွင်း တပ်ပျက်ပြီးဆုတ်ခွါသွားစဉ် သေဆုံးကျန်ရစ်ခဲ့သည့် စစ်ကောင်စီတပ်သားများအား တော်လှန်ရေးတပ်ဘက်က ထုတ်ပြန်

စစ်ကိုင်းတိုင်း တမူးခရိုင် ခါမ်းပါတ်မြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်၏ တပ်မ(၇၇)လက်အောက်ခံတပ်များ အကျအဆုံးများစွာဖြင့် ထွက်ပြေးသွားပြီး ကျန်ရစ်ခဲ့သည့် သေဆုံးစစ်ကောင်စီတပ်သားများ၏ ဓာတ်ပုံအား တော်လှန်ရေးတပ်များက ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၇)ရက်နေ့က သိမ်းယူထားသည့် ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က အင်အား(၂၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲများ ပြင်းထန်ကာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများစွာ သေဆုံးပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

လက်ရှိတွင် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အနည်းဆုံး အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား အလောင်း (၁၀) လောင်းကျော်ကို တွေ့ရှိထားကြောင်း CNO Upper Chindwin Region-UCRက ထုတ်ပြန်ထားသည်။

ခါမ်းပါတ်မြို့အတွင်းရှိ စာသင်ကျောင်း၊ တပ်စခန်းတို့တွင် တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်များအားလုံး တောတွင်းသို့ ထွက်ပြေးသွားသဖြင့် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံဖမ်းဆီးခဲ့ရာ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲများဖြစ်နေခြင်းကြောင့် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ MA-10 RPG 7 တစ်လက်၊ MG-3 တစ်လက်၊ MA-S1 MK2 တစ်လက် အပါအဝင် လက်နက်မျိုးစုံ (၁၇)လက်ကို သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် (၅)ရက်တိုင် တိုက်ခိုက်မှုကြောင့် ခါမ်းပါတ်မြို့ရှိ နေအိမ်(၁၀)လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား အမှတ် (၁)စစ်ဒေသ၊ ကလေးခရိုင် ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်း တိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖနှင့် CNDF၊ RCDF၊ CDF-Tz၊ PDF Zoland၊ RKDF၊ TCDF၊ EFDF တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency