ရွာသစ်မြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က အရပ်သား ၃၀၀ ဝန်းကျင်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

ရွာသစ်မြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က အရပ်သား ၃၀၀ ဝန်းကျင်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

ကရင်နီ(ကယား)ပြည်နယ် ရွာသစ်မြို့အတွင်းသို့ စစ်ကောင်စီတပ်များက ဝင်ရောက်တပ်စွဲကာ အရပ်သား(၃၀၀)ဝန်းကျင်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း KNDFဗဟိုက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဘောလခဲမြို့နယ်၊ ရွာသစ်မြို့တွင်လည်း စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လျက်ရှိသဖြင့်  ကရင်နီ ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များသည် ရွာသစ်မြို့အတွင်း ဝင်ရောက်တပ်စွဲကာ အရပ်သားများကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း စစ်ကောင်စီတပ်များသည် မယ်စဲ့မြို့နယ်ရှိ တပ်စခန်းများနှင့် နယ်စပ်စခန်းများအား လက်လွတ်ဆုံးရှုံးခဲ့ရပြီးနောက် ကရင်နီပြည်အတွင်းသို့ စစ်ဆင်ရေးအရှိန်မြင့်တင်ရန်အတွက် စစ်သားများနှင့် ဆက်သွယ်ရေးစက်များပါဝင်သော စစ်ကားအစီး(၁၀၀)ကျော်ပါ ယာဥ်တန်းကို လွိုင်ကော်မြို့နယ်အတွင်းသို့ ဝင်ရောက်အားဖြည့်ခဲ့ကြောင်း သိရသည်။

ကရင်နီပြည်အတွင်း စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီတပ်သည် အထိနာနေပြီး လက်နက်ခဲယမ်း ရိက္ခာနှင့် တပ်အင်အားဖြည့်တင်းနိုင်ရန် စစ်ကောင်စီမှ အပြင်းအထန်ကြိုးစားနေရာ ဇူလိုင်လ တတိယအပတ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ်ကိုဖြတ်၍ လွိုင်ကော်မြို့နယ်သို့ဝင်လာသော စစ်ကောင်စီ၏ ထောက်ပို့စစ်ယာဥ်တန်းအား လွိုင်ကော်မြို့အနီးတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီကား(၃)စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် အဆိုပါယာဥ်တန်းများအား လုံခြုံရေးယူပေးရန်အတွက် လွိုင်ကော်မြို့မှ ထွက်လာသော စစ်ကောင်စီ လှုပ်ရှားတပ်များကို ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

ဖားဆောင်းမြို့အနီးရှိ သံလွင်တံတားအနီးတွင် မယ်စဲ့မြို့ကို ပြန်လည်သိမ်းယူနိုင်ရေး စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ အပြင်းအထန် ခုခံတိုက်ခိုက်နေပြီး ထို့အပြင် မယ်စဲ့မြို့နယ်ရှိ ပန်တိန်းနယ်ခြားစောင့်စခန်းတွင် ရဟတ်ယာဥ်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်များကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ အဆက်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ကရင်ပြည်နယ် သံတောင်မြို့နယ် ယာဒိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို မဟာမိတ်တပ်များနှင့်အတူ KNDFမှ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ အဆမတန် လေကြောင်းပစ်ကူများ အသုံးပြုမှုနှင့် အင်အားအမြောက်အများ ဖြည့်တင်းမှုကြောင့် ယာဒိုကျေးရွာနှင့် အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။ 

ဇူလိုင်လ တစ်လတာအတွင်း ကရင်နီပြည်တစ်ဝှမ်းတွင် KNDFမှ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲမှာ (၃၃)ကြိမ်ရှိခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၄)ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်များထံမှ လက်နက်ငယ်(၈)လက်နှင့် ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့သည့်အပြင် သုံ့ပမ်း(၃)ဦးကို ဖမ်းဆီးရမိခဲ့ကာ KNDFမှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ တစ်လတာအတွင်း စစ်ကောင်စီတပ်မှ လေကြာင်းတိုက်ခိုက်မှု (၄၂)ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် (၁၁)အရွယ်ကလေး (၁)ဦးအပါအဝင် အရပ်သား(၄)ဦး သေဆုံးခဲ့ပြီး  (၈)ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

လက်နက်ကြီး ထိမှန်မှုကြောင့်လည်း အရပ်သား(၁)ဦးသေဆုံးကာ၊ (၁၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့်လည်း အရပ်သား(၇)ဦး သေဆုံးခဲ့ရကာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်(၁၃)လုံး ပျက်စီးခဲ့ကာ၊ ဘာသာရေးအဆောက်အဦး (၂)လုံး အပါအဝင် ဆေးပေးခန်း (၁)ခန်းနှင့် စာသင်ကျောင်း (၂)ကျောင်းတို့လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency