မိုးမိတ်မြို့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအဖွဲ့များသိမ်းရာ လက်နက်ခဲယမ်းများစွာရရှိ

မိုးမိတ်မြို့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအဖွဲ့များသိမ်းရာ လက်နက်ခဲယမ်းများစွာရရှိ
ဇန်နဝါရီ 2, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ABSDFထံမှ သိရသည်။

မိုးမိတ်မြို့အနီးရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော မိုးပုံ၊ မန်ပါတ်၊ လယ်ကြီးရွာတို့ရှိ တပ်စခန်းများကို ယမန်နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အပြည့်အစုံတော့ မထုတ်ပြန်သေးပါဘူး။ ကျွန်တော်တို့ဘက်က ဒဏ်ရာရရဲဘော်တစ်ဦးတော့ မနေ့ကကျသွားတယ်ဗျ။ ပစ္စည်းတော်တော်များများရတယ်။ ဒါတွေအားလုံးက မဟာမိတ်တပ်ဖွဲ့နဲ့ အတူတွဲလုပ်တာဆိုတော့ လောလောဆယ်တော့ သူတို့ဆီမှာပေါ့။ အများဆုံးရတဲ့ပစ္စည်းက ဗုံးသီးတွေပေါ့၊ (၆၀)ပြောင်းတွေ၊ (၆၀)မမ ဗုံးသီးတွေ အများဆုံးရတာပေါ့။”ဟု ABSDF မြောက်ပိုင်းမှ ထောက်လှမ်းရေး တာဝန်ခံ ကိုစောက Tachileik News Agencyကိုပြောသည်။

တိုက်ခိုက်မှုကို ABSDF အမှတ် (၂)စစ်ကြောင်းနှင့် TNLA အပါအဝင် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA တပ်ဖွဲ့လည်း ပါဝင်ကာ စစ်ကောင်စီတပ်၏ လေကြောင်းပစ်ကူပေးနေသည့်ကြားက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် ABSDFမှ ရဲဘော်(၃)ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအထဲမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency