ကလေးဝမြို့နယ် စခန်းကြီးရွာတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ဟု NUGထုတ်ပြန်

ကလေးဝမြို့နယ် စခန်းကြီးရွာတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ဟု NUGထုတ်ပြန်

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် စခန်းကြီးရွာအနီးတွင် ၂၀၂၃ခုနှစ် ဇွန်လ(၁၆)ရက်နေ့ မနေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ(၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။



ကလေးဝမြို့မှ တစ်ဆင့် မင်းကင်းမြို့နယ်သို့ ယာကြီးလမ်းအတိုင်း လူ၊ လက်နက်နှင့် ရိက္ခာများပို့ရန် Fawကား (၃)စီးအပါအဝင် ခမရ -၃၆၂ (ကျီကုန်းအခြေစိုက်) ရဲနှင့် ပျုစောထီးအင်အား (၁၃၀)ဦးခန့်ဖြင့် လာသော စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (ကလေးခရိုင်) အမှတ်(၉)တပ်ရင်းက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



တိုက်ပွဲအတွင်း Fawကား(၂)စီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး MA-(11) (၂)လက်၊ G-3 (၂)လက်၊ MA-11 ကျည်ဘောက် (၃)ခု၊ G-3ကျည်ဘောက် (၆)ခု၊ MG(3) ငါးကြင်းမြှီး (၁)လက်၊ MA-7 60 MM တာဝေးစိန်ပြောင်း (၁)လက်၊ 60 MM ဗုံးသီးများ၊ RPG ထိပ်ဖူး(၅)လုံး၊ အီနာဂါ ဗုံးသီး(၅)လုံး၊ .38 Webly Wesson (၆)လုံးပြူး (၁)လက်၊ Jammer (၁)လုံး၊ M-14 နင်းမိုင်း (၂)လုံး၊ လက်ပစ်ဗုံး အလုံး (၃၀)ကျော်၊ ကျည်ဆံများနှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။



တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သေဆုံးမှုကို စိစစ်ဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။



#TachileikNewsAgency

Photo : Ministry of Defence- National Unity Government of Myanmar