နမ့်ခမ်းမြို့နယ်အတွင်း COVID 19 အတည်ပြုလူနာ (၇၀)အထိရှိလာ၍ ဆိုင်အချို့ပိတ်သိမ်းလာပြီး ကျေးရွာ (၁၉)ရွာကို တစ်လတာ အဝင်အထွက် ကန့်သတ်

နမ့်ခမ်းမြို့နယ်အတွင်း COVID 19 အတည်ပြုလူနာ (၇၀)အထိရှိလာ၍ ဆိုင်အချို့ပိတ်သိမ်းလာပြီး ကျေးရွာ (၁၉)ရွာကို တစ်လတာ အဝင်အထွက် ကန့်သတ်
ဇူလိုင် 2, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် COVID 19 အတည်ပြုလူနာ (၇) ဦးထပ်တိုး၍ အတည်ပြုလူနာ (၇၀) ဦးအထိ ရှိလာပြီဖြစ်ရာ မြို့ပေါ်ဆိုင်အချို့ မိမိအစီအစဉ်ဖြင့် ယာယီပိတ်လာကြပြီး ရွှေလီဘက်ခြမ်းနီးသည့် ရှမ်းရွာ (၁၉)ရွာကလည်း ဇူလိုင်လကုန်အထိ အဝင်အထွက် ကန့်သတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဒီနေ့တော့ ဧည့်သည်တွေလာရင် အကြောင်းကြားဖို့၊ ရောဂါကာကွယ်ရေးလိုက်နာဖို့ ရပ်ကွက်ထဲ လိုက်အော်နေတယ်။ မြို့အဝင်ကတော့ ဒီမှာမစစ်သေးဘူး။ quarantine center လည်းဖွင့်ထားတယ်။ ဒါပေမဲ့ အရင်ကလို ကိုဗစ်ကာကွယ်ကုသရေးဆိုပြီး လူတွေက အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းလုပ်ကြတာတော့ မရှိဘူး။ ကိုယ့်ဘာသာပဲ ဆိုင်တွေပိတ်တာ ဘာညာလုပ်လာကြတယ်။ ဆိုင်ပိတ်ဖို့တွေ ဘာတွေတော့ ဌာနဆိုင်ရာက မကြေညာသေးဘူး။ သူတို့တွေ ဝန်ထမ်းအင်အားလည်းနည်းတယ်ပြောတယ်။ ဒီမှာက ကျန်းမာရေးရော၊ ထွေအုပ်ရော ဌာနအတော်များများက CDM များတယ်။ တရုတ် ရွှေလီဘက်ခြမ်းနီးတဲ့ နယ်စပ်ဘက်နီးတဲ့ ရှမ်းရွာ (၁၉) ရွာကတော့ မနေ့ကတည်းကနေ တစ်လ အဝင်အထွက်ပိတ်လိုက်တယ်။ ဈေးသည်တွေလည်း ပေးမဝင်တော့ဘူး

ဟု နမ့်ခမ်းဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

နမ့်ခမ်းမြို့နယ်အတွင်း ဇွန်လ (၁၉) ရက်နေ့မှစ၍ COVID 19 ကူးစက်ခံရသူကို စတွေ့လာရခြင်းဖြစ်ပြီး ဇူလိုင်လ (၂) ရက်နေ့တွင် အတည်ပြုလူနာ (၇၀)အထိရှိလာသည့်အနက် (၁) ဦးမှာလည်း သေဆုံးခဲ့ရပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း COVID 19 ဒုတိယလှိုင်းကို ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း ဖေဖေါ်ဝါရီလ(၁)ရက်နေ့တွင် စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်ပြီးချိန်မှစ၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲရပ်ဆိုင်းလိုက်ပြီးနောက် ဇွန်လကုန်ပိုင်းမှစ၍ COVID 19 တတိယလှိုင်းဖြစ်ပွားလာခြင်းဖြစ်သည်။