မိုးမိတ်မြို့တွင် ဆက်သွယ်ရေးလိုင်းများအားလုံး ပြတ်တောက်

မိုးမိတ်မြို့တွင် ဆက်သွယ်ရေးလိုင်းများအားလုံး ပြတ်တောက်
ဇန်နဝါရီ 18, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဖုန်းလိုင်းများ ပြတ်တောက်သွားပြီး ဖုန်းခေါ်ဆို၍မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့ ညနေပိုင်းအထိ စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်း KPDFတပ်များ တိုက်ပွဲဖြစ်ပွားနေသဖြင့် ညနေပိုင်းတွင် ဖုန်းလိုင်းများ ပြတ်တောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“ဖုန်းလိုင်းဖြတ်လိုက်ပြီ။ ဆက်မရတော့ဘူးဖြစ်နေတယ်။ Atom၊ MPT၊ အော်ရီဒူးတော့ ခေါ်တာမရတော့ဘူး။ Mytelကတော့ မရှိလို့ မခေါ်ဖြစ်ဘူး။ ညနေပိုင်း ၄ နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်နေတယ်လို့ ပိတ်မိနေတဲ့ ဒေသခံတွေက ပြောသေးတယ်။ အခုအဆက်အသွယ်မရတော့ဘူး။”ဟု တိမ်းရှောင်လာသည့် မိုးမိတ်မြို့ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ယနေ့တိုက်ပွဲတွင် မိုးမိတ်မြို့ရဲစခန်းမှ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ KIA ပူးပေါင်းတပ်ထံ အလံဖြူထောင်ကာ လက်နက်ချ အညံ့ခံလိုက်ကြပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ရပ်ကွက်များကို ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

“လက်နက်ကြီးကျလို့ အာသံမှာ တစ်ယောက်ထိတယ်၊ ကလေးတစ်ယောက်တဲ့။ နေအိမ်တွေလည်း ပျက်စီးသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကစတင်ကာ မိုးမိတ်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းများကို KIAပူးပေါင်း KPDFတပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင် မိုးမိတ်မြို့အတွင်း တိုက်ပွဲများ ပြင်းထန်နေခဲ့ရာ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ နမ့်ခမ်းအင်း၊ ရွှေဇာလီ၊ လက်ခုပ်တန်းရပ်ကွက်များကို ကျရောက်ပေါက်ကွဲပြီး နေအိမ်များ ပျက်စီးကာ အရပ်သားများလည်း ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် လက်ရှိတွင် စစ်ကောင်စီတပ်သည် ရွှေဇာလီအထွက်နှင့် ဘုန်းကြီးကျောင်းအနီးတွင် တပ်စွဲထားပြီး ကြည်တော်စုရပ်ကွက်ကိုလည်း လေကြောင်းမှ စက်သေနတ်ဖြင့် လာရောက်ပစ်ခတ်ပြီး ဗုံး(၂)လုံး ကြဲချသွားသည်ဟု သိရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက မိုးမိတ်မြို့နယ်အတွင်း မန်ပတ်၊ မန်ဖွယ်၊ အုန်းချောကျေးရွာများ အနီးတစ်ဝိုက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အမှတ် (၃၄)တပ်ရင်း၊ ABSDF၊ အမှတ် (၃၄) KPDFတပ်ရင်း ပူးပေါင်းတပ်ဖွဲ့ နှင့် မိုးမိတ်ဗျူဟာလက်အောက်ခံ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မိုးမိတ်ခရိုင် KPDFတပ်ရင်းက ဇန်နဝါရီလ (၁၅)ရက်နေ့က သတင်းထုတ်ပြန်သည်။

တော်လှန်ရေးတပ်များသည် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် မိုးမိတ်မြို့နယ် အုန်းချောရွာသစ် ရေအားလျှပ်စစ်ခွဲရုံအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၇)ဦးသေပြီး (၅)ဦး ထွက်ပြေးသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။

မိုးမိတ်မြို့သည် ရှမ်းပြည်နယ်အနောက်ဘက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အစပ်တွင်ရှိပြီး ကချင်၊ တအာင်း၊ ဗမာလူမျိုးများနေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: CJ