၂၀၂၄ ခုနှစ်တွင် ပြည်သူများ လိုလားနေသည့် မျှော်လင့်ချက်ကို ဆက်လက်ကြိုးပမ်းမည်ဟု ညီနောင် ၃ဖွဲ့ဆို

၂၀၂၄ ခုနှစ်တွင် ပြည်သူများ လိုလားနေသည့် မျှော်လင့်ချက်ကို ဆက်လက်ကြိုးပမ်းမည်ဟု ညီနောင် ၃ဖွဲ့ဆို
ဇန်နဝါရီ 1, 2024 | 2021 Military Coup| ရှမ်းမြောက်

၂၀၂၄ခုနှစ်တွင် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသော ရည်မှန်းချက်၊ မျှော်လင့်ချက် ရောင်ခြည်များကို တောက်ပအသက်ဝင်သွားအောင် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ထုတ်ပြန်သည်။

 

ညီနောင်မဟာမိတ်(၃)ဖွဲ့အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးအရ အရေးပါသော ပစ်မှတ်များနှင့် ပြည်သူလူထုအား နှစ်ရှည်လများ ဖိနှိပ်ဗိုလ်ကျ၍ အနိုင်ကျင့်သတ်ဖြတ်နေသော စစ်ကောင်စီတပ်စခန်းများကို နှစ်သစ်ကူးအကြိုနေ့အထိ မရပ်မနားဆက်လက်ချေမှုန်းနေသည်ဟု ဆိုသည်။

  

နှစ်သစ်တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့က မျှော်မှန်းထားသည့်အတိုင်း စစ်အာဏာရှင်စနစ်ဆိုးကြီး ဆက်လက်အမြစ်မတွယ်ရေးနှင့် ပြည်သူလူထု၏ စိတ်ဆန္ဒပြည့်ဝရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားရဦးမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

 

၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ရှမ်းမြောက်ဒေသအတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် ကိုးကန့်၊ တအာင်း၊ ရက္ခိုင့်တပ်တော်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် (၆၆)ရက်ရှိလာပြီဖြစ်သည်။

စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်နှင့် ရခိုင်ဒေသတွင် စစ်ကောင်စီတပ်စခန်းပေါင်း (၃၀၀)ဝန်းကျင်ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါင်း(၁၀)မြို့ဝန်းကျင်နှင့် နယ်စပ်ဂိတ်များကို ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်ထားခြင်းဖြစ်သည်။

#TachileikNewsAgency