ကရင်နီပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဩဂုတ်လအတွင်း လေကြောင်းမှ ၄၅ ကြိမ်အထိ တိုက်ခိုက်ခဲ့

ကရင်နီပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဩဂုတ်လအတွင်း လေကြောင်းမှ ၄၅ ကြိမ်အထိ တိုက်ခိုက်ခဲ့
စက်တင်ဘာ 5, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆို၊ ဖရူဆို၊ မယ့်စဲမြို့၊ ဖယ်ခုံနှင့် လွိုင်ကော်မြို့နယ်တို့တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု(၄၅)ကြိမ်ပြုလုပ်ခဲ့ကြောင်း KNDF ဗဟိုက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဩဂုတ်လအတွင်း ကရင်နီပြည်တစ်ဝှမ်း၌ KNDF ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲအကြိမ်ရေ (၅၀)ခန့် ရှိခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁၀)ဦးသေဆုံးခဲ့ကာ စစ်သုံ့ပန်း(၃)ဦးကို ဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ငယ်(၁၅)လက်နှင့် လက်နက်ကြီး(၁)လက် အပါအဝင် ဆက်စပ်ခဲယမ်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ သို့သော် စစ်ကောင်စီတပ်သားများ၏ သေဆုံးမှုစာရင်းကို Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

ထို့အပြင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၄၅)ကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်လည်း အရပ်သား(၂)ဦး သေဆုံးခဲ့ရသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့၏ DRONEဖြင့် လာရောက်တိုက်ခိုက်မှုကြောင့်လည်း ကလေး(၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် နေအိမ်(၂၀)လုံး ပျက်စီးခဲ့ကာ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ကျောင်း (၂)ကျောင်း ပျက်စီးခဲ့ရပြီး တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် (၁၈)လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂)ရက်နေ့ကစတင်ကာ စစ်ကောင်စီတပ်ဖွဲ့များသည် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးအား ထိန်းချုပ်နိုင်ရန် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အကြားရှိ ပြည်ထောင်စုလမ်းမကြီးရှိ ကျေးရွာများအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ တပ်မ(၅၅)လက်အောက်ခံ တပ်ရင်းများသည် စစ်ကြောင်း(၃)ကြောင်းဖြင့် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစ ငွေတောင်ရွာသစ်ကျေးရွာမှ ကဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာနှင့် ဒေါညေးခူကျေးရွာများအထိ စစ်ကြောင်းထိုးကာ တပ်စွဲထားသဖြင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များနှင့် နေ့စဉ်တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များသည် မယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်ရန် ဖားဆောင်းမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာရာ ကရင်နီပူးပေါင်းတပ်များက ပန်တိန်းကျေးရွာနှင့်အနီးတွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု ဆိုသည်။

ဖယ်ခုံမြို့နယ်မှ လွိုင်ကော်မြို့နယ်အထိ ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်ဖွဲ့များကိုလည်း  ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည့်အပြင် ဒီးမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံကျေးရွာမှ ဒေါငံခါးကျေးရွာအထိ အင်အားဖြန့်ကျက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကိုလည်း ကရင်နီ ပူးပေါင်းတပ်များမှ ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။

ဩဂုတ်လအတွင်း ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် KNDFမှ ရဲဘော်(၅)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency

Photo : KNDF