မော်လိုက်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးအလုံး(၃၀)ဝန်းကျင် ကြဲချ တိုက်ခိုက်မှုကြောင့်  ဒေသခံ (၂၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

မော်လိုက်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးအလုံး(၃၀)ဝန်းကျင် ကြဲချ တိုက်ခိုက်မှုကြောင့်  ဒေသခံ (၂၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

 စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးအလုံးပေါင်း (၃၀)ဝန်းကျင်ဖြင့် ကြဲချတိုက်ခိုက်မှုကြောင့်  ကျေးရွာ(၇)ရွာ ဝန်းကျင်မှ ဒေသခံ (၂၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒေသကာကွယ်ရေးတပ်များက စစ်ကောင်စီနှင့် ပျူစောထီးများ စုပေါင်းအထိုင်ချထားသည့် မော်လိုက်မြို့အရှေ့ဘက်ကမ်းရှိ ထော်သာရွာရှိ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က  ၂၀၂၃ခုနှစ်၊ မေလ (၁၂)ရက်နေ့၏ နံနက်ပိုင်းတွင် လေကြောင်းဖြင့် (၃)ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ရာ ဗုံးအရေအတွက်မှာ (၃၀)ဝန်းကျင်ရှိပြီး  အနီးရှိ ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

"ဒေသခံတွေရော၊ ကျွန်တော်တို့ ရဲဘော်တွေကော အထိအခိုက်မရှိခဲ့ပါဘူး။ ဗုံးကြဲတာ (၃)ကြိမ်ပါ။ တစ်ကြိမ်ကို (၁၀)လုံးလောက် ကြဲတယ်။ စစ်ကောင်စီဘက်က သေဆုံးမှုအ သေးစိတ်ကို မသိရသေးပါဘူးဗျ။"ဟု မော်လိုက်ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦး က Tachileik News Agency ကိုပြောသည်။

ဒေသကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်များ တပ်စွဲထားသည့် တွန်းပင်၊ ဆွတ်နမ်း၊ ထော်သာတပ်စခန်းကိုများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိသည်ဟု ဆိုသည်။

"ထော်သာတပ်စခန်းကို အဓိက ဝင်တိုက်တာပေါ့။ စခန်းသိမ်းခါနီးမှာ စစ်ကောင်စီက လေယာဉ်နဲ့လာပစ်လို့ မသိမ်းနိုင်ခဲ့ဘူး ပြန်ဆုတ် ပေးလိုက်ရတယ်။"ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထပ်မံပြောသည်။

လက်ရှိတွင် တိုက်ပွဲများရပ်နားသွားပြီဖြစ်သော်လည်း ဒေသခံများ နေရပ်မပြန်သေးဟု သိရသည်။