ရေးမြို့နယ်ရှိ ခမရ ၅၈၈ တပ်ဖွဲ့ဝင်များကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်ပစ်

ရေးမြို့နယ်ရှိ ခမရ ၅၈၈ တပ်ဖွဲ့ဝင်များကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်ပစ်
စက်တင်ဘာ 24, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနှင့် ကြိုးတံတားအကြားရှိ စစ်ကောင်စီတပ် ခမရ(၅၈၈) လက်အောက်ခံတပ်ဖွဲ့ကို ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့တွင် KNLA ပူးပေါင်းတပ်များက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

ယမန်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်တွင် KNLA တပ်ရင်း(၂၇)၊ ခွဲ (၃)၊ ခွဲ (၅)နှင့် ရေးဒေသအခြေပြု သိန်းငှက်ပူးပေါင်းစစ်ကြောင်းတို့က စစ်ကောင်စီတပ် ခမရ(၅၈၈)တပ်ဖွဲ့အား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု တောင်ပိုင်းတိုင်း စစ်ဒေသခွဲအမှတ်(၃) ထံမှ သိရသည်။ 

KNLA နှင့် ပူးပေါင်းတပ်များသည် မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသ စိုးမိုးရေးနှင့် လုံခြုံရေးယူ စစ်ဆေးခြင်းများ လုပ်ဆောင်နေသဖြင့် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ် လမ်းတို့တွင် သွားလာနေသော မော်တော်ယာဉ်များအနေဖြင့် စစ်ဆေးခြင်းကို ကြည်ဖြူစွာ လက်ခံရန်လည်း မေတ္တာရပ်ခံထားသည်။

ထို့အပြင် စစ်ကောင်စီနှင့် ပတ်သက်သူများ၊ ပစ္စည်းများတင်ဆောင်ခြင်း၊ စစ်ကောင်စီတပ်ယာဉ်များနှင့် လိုက်ပါစီးနင်းခြင်း မပြုလုပ်ကြရန်၊ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အသုံးပြုသည့်ယာဉ်များလည်း ကြည်ဖြူစွာအစစ်ဆေးခံရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency