ကုန်းကြမ်းမှ ဆုတ်ခွာသွားရသည့် စစ်ကောင်စီတပ် သေဆုံးသူများကြောင်း စစ်ကောင်စီဝန်ခံရ 

ကုန်းကြမ်းမှ ဆုတ်ခွာသွားရသည့် စစ်ကောင်စီတပ် သေဆုံးသူများကြောင်း စစ်ကောင်စီဝန်ခံရ 
ဒီဇင်ဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ ကုန်းကြမ်းမှ ဆုတ်ခွာသွားရသည့် စစ်ကောင်စီတပ်သားများ အများအပြားသေဆုံးသွားကြောင်း စစ်ကောင်စီကဝန်ခံထားသည့် ပေါက်ကြားလာသောကြေးနန်းစာကို ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့က ကုန်းကြမ်းမှဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်သည် အများအပြားသေဆုံးပြီး အင်အားအနည်းငယ်သာ ပြန်လည်ပူးပေါင်းနိုင်ခဲ့ကြောင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ပေါက်ကြားလာသည့် ကြေးနန်းများအရ သိရသည်။

နိုဝင်ဘာလ(၂၈)ရက်နေ့က ကုန်းကြမ်းဒေသ အခြေစိုက် ခလရ(၁၂၅)တပ်ရင်းသည် MNDAAတပ်ဖွဲ့ထံ အလံဖြူထောင် လက်နက်ချပူးပေါင်းခဲ့ပြီးနောက် စကခ (၁၂)တပ်မစစ်ကြောင်းများနှင့် တမဟ (၁၆)တပ်မစစ်ကြောင်းများသည် ကုန်းကြမ်းမှ တာရွှေထန်ကို ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။ 

စကခ (၁၂)မှ ဗိုလ်မှူးချုပ် အောင်ဇော်လင်း ဦးစီးကွပ်ကဲမှုအဖွဲ့၊ နဗဟ (၃)နှင့် တပ်ရင်း (၅)ရင်းပါ စစ်ကြောင်းများနှင့် ရတတမဟ (၁၆)မှ ဗိုလ်မှူးချုပ် သော်ဇင်ဦး ဦးစီးကွပ်ကဲမှုအဖွဲ့၊ တပ်ရင်း (၁)ရင်းပါ စစ်ကြောင်းများသည် ဒီဇင်ဘာလ(၂)ရက်တွင် ကုန်းကြမ်းမှ ဆုတ်ခွာခဲ့စဉ် MNDAA ကိုးကန့်တပ်ဖွဲ့၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကြောင်းအဖွဲ့ငယ်များကွဲထွက်ကာ ကစင့်ကလျား ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ဒီဇင်ဘာလ(၈)ရက်နေ့အထိ စကခ (၁၂)စစ်ကြောင်းမှ အရာရှိ (၂၃)ဦး အခြားအဆင့်စစ်သည်(၉၉)ဦး၊ ရတတမဟ (၁၆)မှ အရာရှိ(၅)ဦး အခြားအဆင့် စစ်သည် (၂၀)ဦး  စုစုပေါင်း (၁၄၇)ဦးသာ တာရွှေထန်သို့ ရောက်ရှိခဲ့ကြောင်း ကြေးနန်းတွင် ဖော်ပြထားသည်။

ကြေးနန်းသတင်းအရ ကုန်းကြမ်းမှ ဆုတ်ခွာသွားသည့် စစ်ဆင်ရေးတပ်မ (၂)ခု၊ တပ်ရင်း (၆)ရင်း အင်အားမှ အနည်းငယ်သာ တာရွှေထန်သို့ ရောက်ရှိပူးပေါင်းနိုင်ပြီး ရတစကခ (၁၂)နှင့် ကွပ်ကဲမှုအောက် (၅)ရင်းမှ (၂၄)ဦး၊ ရတတမဟ (၁၆)နှင့် ကွပ်ကဲမှုအောက် တပ်ရင်း(၁ )ရင်းမှ (၁၈)ဦးတို့ သေဆုံးခဲ့ကြောင်း ဖော်ပြထားပြီး ကျန်အင်အားအများအပြား ပျောက်ဆုံး၊ ကျဆုံးခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းတို့ ဖြစ်မည်ဟု  ပြည်သူ့ပန်းတိုင်က သုံးသပ်ထားသည်။ 

အဆိုပါကြေးနန်းစာအရ သေဆုံးသွားသည်ဟုသတင်းထွက်ပေါ်ခဲ့သည့် စကခ(၁၂)မှူးချုပ် အောင်ဇော်လင်းမှာ တာရွှေထန်သို့ ရောက်ရှိခဲ့သည်ဟု ဖော်ပြထားသည်။

#TachileikNewsAgency

Photo : ပြည်သူ့ပန်းတိုင် - People's Goal