ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ကို မြောက်ပိုင်းညီနောင်(၃)ဖွဲ့ ဂုဏ်ပြုသဝဏ်လွှာပို့

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ကို မြောက်ပိုင်းညီနောင်(၃)ဖွဲ့ ဂုဏ်ပြုသဝဏ်လွှာပို့

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်းအပေါ် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၂)ရက်နေ့တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့ ကြောင်း သိရသည်။

ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းနိုင်ခြင်းသည် ကရင်နီလူမျိုးမှ နောက်ထပ်ခြေလှမ်းသစ်တစ်ခုအား ရဲဝံ့စွာလှမ်းလိုက်ခြင်း ဖြစ်၍ အပြုသဘောဖြင့် ကြိုဆိုသည်ဟု ယနေ့ပေးပို့သည့် သဝဏ်လွှာတွင်ပါရှိသည်။

ထို့အပြင် ကရင်နီလူမျိုးများအနေဖြင့် မိမိလူမျိုး၊ မိမိကောင်စီအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ပြီး မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်လည်း ကြိုဆိုဂုဏ်ပြုသဝဏ်လွှာတွင်ဖော်ပြထားသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ၂၀၂၃ခုနှစ် ၊ဇွန်လ(၆)ရက်နေ့က စတင်ဖွဲ့စည်းပြီး ကြားကာလ ပြည်နယ်အစိုးရ တစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီကို ၂၀၂၁ခုနှစ် ဧပြီလ(၉)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေးဦးဆောင်မှုနှင့် မူဝါဒလမ်းညွှန်ချက်များအတိုင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလ ပြည်နယ်အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဌများ အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်၊ ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်သွားရန်တို့ကို မူဝါဒချမှတ်ထားသည်ဟု သိရသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင် (၆)ဦးဖြင့် ကနဦး ဖွဲ့စည်းသွားမည်ဖြစ်ပြီး ပြည်နယ်ရေးရာဌာနအနည်းဆုံး (၁၂)ရပ်ထားရှိမည်ဟု ဆိုသည်။

ကြားကာလ အုပ်ချုပ်ရေးကောင်စီသည် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရန်အပြင် လူထုများ၏ အဓိကလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စာနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်တို့ကို ဖြည့်ဆည်းနိုင်ရန်ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ကြားကာလအုပ်ချုပ်ရေးကောင်စီအတွင်း CDMများ၊ တတ်သိပညာရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပံ့ပိုးမှုဖြင့် လက်တွဲဖော်ဆောင်သွားရန်လည်း ဖိတ်ခေါ်ထားသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီတွင် ဥက္ကဌ အဖြစ် ခူးဦးရယ်(KNPP)၊ ဒုဥက္ကဌ အဖြစ် ခွန်းဘီထူး(KNDF)၊ အထွေထွေအတွင်းရေးမှူ အဖြစ် ခူးပလုရယ်၊တွဲဖက်အတွင်းရေးမှူး(၁) အဖြစ် ဇူးပဒုမ္မာ၊ တွဲဖက်အတွင်းရေးမှူး(၂) အဖြစ် ဗညားခွန်အောင်နှင့် ဘဏ္ဌာရေးမှူး အဖြစ် မော်ဖိုးမြာတို့က တာဝန်ယူဆောင်ရွက်ကြမည် ဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency