တောင်ငူရှိကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များ လာရောက်တပ်စွဲ၍ မီးရှို့နေသဖြင့် အရပ်သားများထွက်ပြေးနေရ

တောင်ငူရှိကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များ လာရောက်တပ်စွဲ၍ မီးရှို့နေသဖြင့် အရပ်သားများထွက်ပြေးနေရ
စက်တင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း တောင်ငူမြို့နယ် စစ်တောင်မြစ်အရှေ့ဘက်ကမ်းရှိ ရေဆင်းကုန်းရွာ၊ ကယားပြုံးချောင်းနှင့် ရှမ်းပြုံးချောင်းရွာများကို ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့တွင် စစ်ကောင်စီတပ်က လာရောက်တပ်စွဲနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကားအကြီး (၅)စီးဖြင့်ဝင်လာပြီး တပ်စွဲနေသဖြင့် ဒေသခံများ တိမ်းရှောင်ကြရကာ ယနေ့ စက်တင်ဘာလ (၁၄)ရက်နေ့တွင် ကယားပြုံးချောင်းရွာမှ နေအိမ်များနှင့် ဆန်စက်တစ်ခုအပြင် ရှမ်းပြုံးချောင်းအရှေ့ရွာမှ နေအိမ် (၃)လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေအိမ်များကို မီးရှို့သွားခြင်းဖြစ်ပြီး နေအိမ်မည်မျှ ပျက်စီးသွားသည်ကို အတည်မပြုနိုင်သေးကြောင်း KNU တပ်မဟာ(၂)ထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်များက နေအိမ်များအား မီးရှို့နေစဉ် ရဟတ်ယာဉ်(၂)စီးက ရေဆင်းကုန်းရွာနှင့် ရှမ်းပြုံးချောင်းရွာတို့ထံ ကင်းထောက်ပျံဝဲနေခဲ့ပြီး စစ်ကောင်စီတပ်က ရေဆင်းကုန်းရွာအထွက်တွင် အမျိူးသား(၂)ဦးကို ဖမ်းဆီးသွားသည်ဟု Thandaung Mupoe က ဖော်ပြထားသည်။

#TachileikNewsAgency