မြို့ပြတိုက်ပွဲများတွင် စစ်သား ဇနီး၊ မယားများကို အရန်အင်အားအဖြစ် စစ်တိုက်ခိုင်းမည့်စကား စစ်ခေါင်းဆောင်ပြောဆို

မြို့ပြတိုက်ပွဲများတွင် စစ်သား ဇနီး၊ မယားများကို အရန်အင်အားအဖြစ် စစ်တိုက်ခိုင်းမည့်စကား စစ်ခေါင်းဆောင်ပြောဆို
ဇန်နဝါရီ 5, 2024 | 2021 Military Coup

မြို့ပြတိုက်ပွဲများဖြစ်ပွားလာပြီး ရှေ့တန်းနယ်မြေများ ပိုမိုကျယ်ပြန့်လာသဖြင့် စစ်သား ဇနီး၊ မယားများကို အရေးကြုံပါက စစ်တိုက်ခိုင်းမည့်စကား အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုလာသည်။

ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့က စစ်ကောင်စီ၏  ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်သည့် အခမ်းအနားတွင် စစ်ခေါင်းဆောင်က ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။  

လက်ရှိတွင် ဘက်စုံစစ်ပွဲသဘောတရားများကြောင့် တိုက်ပွဲများသည် တောတောင်များအတွင်း၌သာ တိုက်ခိုက်ကြရသည် မဟုတ်တော့ဘဲ မြို့ပြနေရာများအထိ ဆင်နွှဲလာကြသည်ကို တွေ့ရှိရသည့်အတွက် ရှေ့တန်းနယ်မြေသည် ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

"ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကျိုးအတွက် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို အပြောမဟုတ် အလုပ်သက်သေများနှင့် ဆောင်ရွက်ပြသည့် ပါရမီဖြည့်ဖက်များ၏ ဆောင်ရွက်ချက်များသည် သာမန်အမျိုးသမီးတိုင်း လုပ်နိုင်ခဲသည့် စွမ်းဆောင်ရည်ဖြစ်များပင်ဖြစ်သည်"ဟု စစ်ခေါင်းဆောင်က ပြောသည်။ 

စစ်ကောင်စီ၏ အဓိကအမာခံအရန်အင်အားများဖြစ်သည့် ရဲမေမိသားစုဝင်များသည် အရေးကြုံပါက သက်လုံကောင်းစွာ မိသားစုဂုဏ်နှင့် စစ်ကောင်စီတပ်ဂုဏ်ကို စောင့်ထိန်းသူများဖြစ်ခဲ့ကြသောကြောင့် စစ်မှန်သည့် မျိုးချစ်စိတ်များကို ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်းသည်ဟု စစ်ခေါင်းဆောင်ကဆိုသည်။ 

ထို့အပြင် ရဲသော်မသေ သေသော်ငရဲမလားဟူသည့် ခံယူချက်ကို ရင်ဝယ်ပိုက်ပြီး တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်စိတ်မျိုးဖြင့် တိုက် ပွဲဝင်ခဲ့ကြသူများသည် စစ်မှန်သည့် အာဇာနည်သူရဲကောင်းများ ဖြစ်ကြသည်ဟုလည်း ပြောဆိုသည်။

#TachileikNewsAgency