ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်သေပြီး လက်နက်ခဲယမ်းများရဟု PNLO ထုတ်ပြန်

ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်သေပြီး လက်နက်ခဲယမ်းများရဟု PNLO ထုတ်ပြန်
ဇန်နဝါရီ 31, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ မြောက်ဘက်တွင် စစ်ကောင်စီတပ်နှင့် PNLOတို့ ယမန်နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၅၀)ဝန်းကျင် သေဆုံးကြောင်း PNLOထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားပြီး‌နောက် PNLOက နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သားအလောင်း (၅၀)ဝန်းကျင်နှင့် လက်နက် (၅၀)ဝန်းကျင်ကို  သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်တို့သည် ပအိုဝ်းဒေသရှိ ပအိုဝ်းကျေးရွာများအား လက်နက်ကြီးများအပါအဝင် လေယာဉ်များ အသုံးပြု ပစ်ခတ်နေသည်ဟုလည်းဆိုသည်။

ယမန်နေ့ညတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)လည်းမရှိဘဲ ဆီဆိုင်မြို့ နယ် လွယ်ထွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လွယ်ထွဲဘုန်းတော်ကြီးကျောင်း ပျက်စီးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် တောင်ကြီးမြို့နယ် ကျောက်တလုံးဒေသနှင့် ဟိုပုံးမြို့နယ်တို့တွင်  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၏ အမည်ကို အလွဲသုံးစားပြုပြီး စစ်ကောင်စီအတွက် တပ်ဖွဲ့ဝင်သစ်များကို လိမ်လည်စုဆောင်းနေသည်ဟုလည်း ဆိုသည်။ 

လက်ရှိတွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ဆီဆိုင်မြို့နှင့် ပအိုဝ်းဒေသကို ဗုံးကြဲတိုက်ခိုက်ခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် မြို့တွင်းအခြေအနေသည် လုံခြုံမှုအားနည်းနေဆဲဖြစ်သည်ဟု အသိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မလိုလားအပ်သည့် ထိခိုက်မှုများ မဖြစ်စေရန် ဆီဆိုင်မြို့အတွင်းသို့ ဝင်ရောက်ခြင်း၊ နေအိမ်ပြန်ကြည့်ခြင်း ၊ ပစ္စည်းများ ပြန်သယ်ခြင်းများ မပြုလုပ်ကြသေးရန်နှင့် လုံခြုံဘေးကင်းသည့်နေရာများတွင် ခေတ္တခိုလှုံနေထိုင်ကြရန် မေတ္တာရပ်ခံထားသည်။

ပအိုဝ်းဒေသ ထာဝရလုံခြုံဘေးကင်းရေး ပြည်သူများ လွတ်လပ်လုံခြုံစွာ သွားလာနေထိုင်နိုင်ရေးတွက် လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုကို ပြုလုပ်ရာတွင် စစ်ကောင်စီကြောင့် ပြည်သူများ ထိခိုက်နိုင်သည်ကို သိရှိနားလည်သော်လည်း ပိုမိုဆိုးရွားသည့် စစ်အာဏာရှင်လက်အောက်တွင် ပြည်သူကို မစတေးနိုင်သဖြင့် ယခုနည်းလမ်းကို ရွေးချယ်ရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ထို့ကြောင့် တန်းတူညီမျှရေးကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအတွင်း ထာဝရတည်ငြိမ်အေးချမ်းသည့်လူမှုဘဝကို တည်ဆောက်နိုင်ရေး လက်ရှိအခြေအနေကို ပြည်သူလူထုများမှ နာလည်ပြီး ဘေးကင်းလုံခြုံရာတွင် ခေတ္တယာယီခိုလှုံကြရန် တိုက်တွန်းထားသည်။

#TachileikNewsAgency