စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်  နမ့်ဆန်နှင့် နမ့်ခမ်းမြို့တို့ရှိ နေအိမ်ပျက်စီးဆုံးရှုံးမှုများ

စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်  နမ့်ဆန်နှင့် နမ့်ခမ်းမြို့တို့ရှိ နေအိမ်ပျက်စီးဆုံးရှုံးမှုများ
ဒီဇင်ဘာ 18, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်ထားရာ တအာင်းဒေသ နမ့်ခမ်းနှင့် နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ပျက်စီးပြီး အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

နမ့်ခမ်းမြို့ကို တအာင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းကို ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့အထိ တိုက်ခိုက်နေရာ စခန်းမကျရေး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းများဖြင့် တုန့်ပြန်နေသဖြင့် အရပ်သားနေအိမ်များစွာ ထိခိုက်ပျက်စီးနေသည်။

TNLA၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ (၁၄)ရက်‌နေ့ တစ်ရက်တည်းတွင်ပင် နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်က Jet Fighterဖြင့် (၁)ကြိမ်၊ Y12 လေယာဥ်ဖြင့် (၁၇)ကြိမ် ဗုံး(၁၀၈)လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး မန်တတ်စခန်းနှင့် နမ့်ဖတ်ကာတပ်စခန်းတို့မှ လက်နက်ကြီးဖြင့် (၂၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

"ဒါတစ်ရက်စာ ပစ်ခတ်မှုပဲရှိသေးတယ်။ ပစ်ခတ်မှုက ထောင်ကျော်နေပြီ။ လေ‌ယာဉ်ပစ်တာ ရာချီနေပြီ။"ဟု TNLA ရှေ့တန်းရောက် ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သဖြင့် နမ့်ခမ်းမြို့ကို လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ နေအိမ်၊ အဆောက်အဦး ပျက်စီးမှုအရေအတွက်ကိုမူ မသိရသေးပါ။

နမ့်ဆန်မြို့တွင်လည်း စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို TNLAက ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် အပြီးသိမ်းပြီးနောက် မြို့ကိုသိမ်း ပိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

TNLA၏ ထုတ်ပြန်ချက်အရ နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာရုံးများအားလုံးကို ဒီဇင်ဘာလ (၁၀)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်သည် နမ့်ဆန်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း မန်တုံ ခလရ(၁၃၀)တပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများစွာ ပစ်ခတ်ခဲ့ပြီး လေကြောင်းဖြင့် Mi35မှ တစ်ကြိမ်၊ ART-42ဖြင့် (၅)ကြိမ်၊ Jet Fighterဖြင့် (၁၉)ကြိမ်၊ Y12 လေယာဥ်ဖြင့် (၅)ကြိမ် အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု TNLAက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် နမ်ဆန်မြို့ရှိ ပတ္တမြားစေတီရှိ ဘုရားများ လေယာဥ်ဗုံးစ၊ လက်နက်ကြီးကျည် ထိမှန်ပျက်စီးခြင်း နမ့်ဆန်မြို့မ ဂိုဏ်းချုပ်ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်း၊ ငွန်ဆိုင်းကျေးရွာ အ.မ.က ကျောင်းဆောင် လေယာဥ်ဗုံး ထိမှန်မီးလောင်ခြင်းများရှိခဲ့ကာ နေအိမ်(၄၅)လုံးပျက်စီးပြီး (၁၄)လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။

စစ်ကောင်စီတပ်က နမ်ဆန်မြို့ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၆)ဦးသေဆုံးပြီး အဆိုပါသေဆုံးသူစာရင်းမှ တစ်ဦးမှာ စစ်ကောင်စီတပ်က ပစ်သတ်ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: TNLA