အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ဝန်ထမ်းအိမ်ရာတွင် COVID 19 ကူးစက်ခံရသူ (၅၅)ဦး တွေ့ရှိ

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ဝန်ထမ်းအိမ်ရာတွင် COVID 19 ကူးစက်ခံရသူ (၅၅)ဦး တွေ့ရှိ
အောက်တိုဘာ 12, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်း ဝန်ထမ်းအိမ်ရာတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့က စစ်ဆေးမှုအတွင်း COVID 19 ပိုးတွေ့သူ (၅၅)ဦးကို လက်ရှိတွင် နောင်ပိန်ဓမ္မာရုံ၌ထားရှိပြီး ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ရန် စီစဉ်ဆဲဖြစ်ကြောင်း သိရသည်။

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ဝန်ထမ်း အိမ်ရာတွင်နေထိုင်သောသူ စုစုပေါင်း (၂၅၀) ကို ယမန်နေ့က RDT ဖြင့် စစ်ဆေးရာ စုစုပေါင်း ( ၅၅ )ဦးတွင် ကိုဗစ်ပိုးတွေ့ခဲ့ခြင်းဖြစ်သည်ဟု မြင့်မြတ်ဖြူစင်လူမှုကူညီရေး အသင်း ( ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာ ) ထံက သိရသည်။

ကိုဗစ်ပိုးတွေ့လူနာများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို လားရှိုးပြည်သူ့ဆေးရုံသို့ မြင့်မြတ်ဖြူစင် လူမှု ကူညီရေးအသင်းက အောက်တိုဘာ ( ၁၂ )ရက်နေ့တွင် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးထားပြီး ကျန်ပိုးတွေ့လူနာများကို နောင်ပိန်နှင့် ကျောက်မဲမြို့တို့ရှိ လူမှုကူညီရေးအသင်းများအကူအညီဖြင့် ဆေးရုံရွှေ့ရန် ကျန်းမာရေးဌာနက စီစဉ်နေသည်ဟု သိရသည်။

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်အတွင်း COVID 19 တတိယလှိုင်းအတွင်း ဇွန်လ ၂၀ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းအထိ ပိုးတွေ့လူနာ စုစုပေါင်း ( ၁၆၄၀ )ဦး၊ ပိုးတွေ့လူနာ သေဆုံးသူ စုစုပေါင်း ( ၈၆ )ဦး နှင့် ဆေးရုံဆင်းလူနာ စုစုပေါင်း ( ၁၄၁၇ ) ဦးတို့ရှိပြီဖြစ်ကြောင်း သိရသည်။