ထီးလင်းတိုက်ပွဲတွင် အထိနာသည့် တပ်မ(၇၇)က အလောင်းကို ပြန်မသယ်နိုင်တော့ဘဲ သေဆုံး တပ်သားများကို ဖြစ်ကလက်ဆန်း မြေမြှပ်သွား

ထီးလင်းတိုက်ပွဲတွင် အထိနာသည့် တပ်မ(၇၇)က အလောင်းကို ပြန်မသယ်နိုင်တော့ဘဲ သေဆုံး တပ်သားများကို ဖြစ်ကလက်ဆန်း မြေမြှပ်သွား

 မကွေးတိုင်း၊ ထီးလင်းမြို့နယ်မြောက်ပိုင်း ထိန်တိုင်းရွာအနီး ၂၀၂၃ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အထိနာသေဆုံးသွားသည့်  အာဏာသိမ်း စစ်ကောင်စီတပ်က အလောင်းများကို ပြန်မသယ်နိုင်တော့ဘဲ ဖြစ်ကလက်ဆန်း မြေမြှပ်ထားခဲ့ကြကြောင်း ဒေသကာကွယ်ရေးတပ်ထံမှ သိရသည်။

ဒေသကာကွယ်ရေးတပ်များက ပြန်လည်တူးဖော်ကြည့်ရာ ဖြစ်ကလက်ဆန်း မြေမြှပ်ထားကြသည့် အလောင်းများထဲတွင် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ နည်းဗျူဟာ(၇၇၃)အဖွဲ့၏ လက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့ ဖြစ်နေပြီး ကူးတို့ခ ငွေ( ၁၅၀၀ ) နှင့် အမိန့်ပြန်စာကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ အရာရှိများက အရာရှိနှင့်အောက်ခြေအဆင့် ခွဲခြားဆက်ဆံပြီး သေဆုံးသူ၏ အလောင်းများကို ဖြစ်ကလက်ဆန်း မြေမြှပ်ခဲ့ကြရာ အဆိုပါ ရုပ်အလောင်းများကို Yaw Revolution Army-ထီးလင်း တပ်ဖွဲ့က လူသားချင်းစာနာစိတ်ဖြင့် ပြန်လည်တူးဖော်ပြီး  ယနေ့ မတ်လ(၁၈)ရက်နေ့၏ နံနက်ပိုင်းတွင်  ကောင်းမွန်စွာ မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

၎င်း တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ်၏  စစ်သုံးပစ္စည်းများနှင့် ကျည်(၂၄)တောင့်ပါသည့် MA1 ကျည်ဘောက် ၂ ခု ကိုထပ်မံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ် မတ်လ(၁၅)ရက်နေ့မှ မတ်လ(၁၆)ရက်နေ့အတွင်း ထီးလင်းမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းများ (၂)ရက်အတွင်း (၅)ကြိမ် တိုက်ခိုက်ခံရသည့်အတွက် အလောင်းများ ပြန်မသယ်နိုင်သည့်အထိ သေဆုံးမှု များပြားခဲ့ကြောင်းလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

 

Photo: Yaw Revolution Army-ထီးလင်း