တမူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦး အလံဖြူထောင်လက်နက်ချ 

တမူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦး အလံဖြူထောင်လက်နက်ချ 
နိုဝင်ဘာ 21, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား (၂)ဦး တော်လှန်ရေးတပ်များထံ အလံဖြူထောင်ကာ လက်နက်ချအလင်းဝင်ရောက်ခဲ့ကြောင်း People’s Defense Force တမူးတပ်ရင်း(၄)ထံမှ သိရသည်။

တမူးမြို့နယ် ထန်းတပင်ကျေးရွာတွင် ဒေသကာကွယ်ရေးတပ်များက ပန်းသာပြည်တော်ဝင်စစ်ဆင်ရေးလုပ်ဆောင်နေချိန် လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲကြားထဲမှာ အလံဖြူထောင်ပြီး လက်နက်ချအလင်းဝင်လာခဲ့တာပါ။ ပန်းသာပြည်တော်ဝင် စစ်ဆင်ရေးလုပ်တာကို ပန်းသာရွာကို တမူးဘက်ကနေ စစ်ကြောင်းထိုးဝင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့တာ။ အဲဒီမှာ စစ်ကောင်စီတပ်သား(၂)ဦးက အလံဖြူထောင်ပြီး လက်နက်ချတာ။”ဟု People’s Defense Force တမူး တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

တိုက်ပွဲမှာ ယမန်နေ့ကစတင်ပြီး ယနေ့ နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းအထိ ပြင်းထန်ခဲ့သဖြင့် ထန်းတပင် ကျေးရွာမှ ဒေသခံများ အိန္ဒိယနိုင်ငံရှိ ကျေးရွာ(၂)ရွာအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

“အခုကတော့ ငြိမ်နေပြီ။ မနက်ကတော့ တစ်နေကုန်ဖြစ်တယ်။ ပျူစောထီး(၅)ဦးကိုလည်း အရှင်မိထားတယ်လို့ ကြားရတယ်။ အဓိကတော့ ပန်းသာရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအထိုင်စခန်းကို စစ်ကူလာပေးတာလို့ ထင်တယ်။ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပဲ။”ဟု ၎င်းကဆက်ပြောသည်။

အလင်းဝင်ရောက်လာသူများမှာ စလရ - ၂၆၉ (တီးတိန်)မှ ကျော်လင်းထိုက်(၃၁)နှစ်နှင့် ကောင်းထက်အောင် (၂၅)နှစ်တို့ဖြစ်ပြီး  MA 2 တစ်လက်နှင့် MA 4 တစ်လက်တို့ဖြင့် ထန်းတပင်ရွာရှိ တပ်ရင်း(၄)ထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

ပန်းသာပြည်တော်ဝင်စစ်ဆင်ရေးအဖြစ် NLA တပ်တော်၊  Fighter Police၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄)တို့ ပူးတွဲစစ်ဆင်ရေးလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency