ပဒူတွင် စစ်ကောင်စီတပ် တပ်စွဲထားသည့် ရဲကင်းစခန်းတိုက်ခိုက်ခံရပြီးနောက် လေကြောင်းမှ တပ်ကူအင်အား ထပ်ပို့၊ ဒေသခံများ စစ်ရှောင်နေရ

ပဒူတွင် စစ်ကောင်စီတပ် တပ်စွဲထားသည့် ရဲကင်းစခန်းတိုက်ခိုက်ခံရပြီးနောက် လေကြောင်းမှ တပ်ကူအင်အား ထပ်ပို့၊ ဒေသခံများ စစ်ရှောင်နေရ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ် မေလ (၂၂)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကျေးရွာကို လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်သည့်အပြင် နေအိမ်များကိုပါ မီးရှို့ကြောင်း သိရသည်။

အိမ်တွေ မီးလောင်တယ်။ လေယာဉ်နဲ့ ပစ်လို့လောင်သွားတာ။ စစ်ကောင်စီတပ်ဘက်က အခု အင်အားတိုးထားတယ်

ဟု  96 Soldiers-PDF(အညာဒေသ)တပ်ခွဲမှ ရဲဘော်တစ်ဦးက Tachileik News Agency ကို မေလ( ၂၃ )ရက်နေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဒေသကာကွယ်ရေးတပ်များသည် စစ်ကောင်စီတပ် တပ်စွဲထားသည့် ပဒူတိုက်နယ်ရဲစခန်းအတွင်းထိ ဝင်ရောက်တိုက်ခိုက်ကာ အချုပ်ဆောင်ကို မီးရှို့ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ယင်းနေ့မှာပင် လေကြောင်းမှ တပ်ကူအင်အားထပ်ဖြည့် ပို့ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်က မေလ (၁၉)ရက်နေ့ကတည်းက ကျောက်ပနံ၊ ကန်ကြီးကုန်း၊ ပဒူကို စစ်ကြောင်းထိုးပြီးနောက် မေလ (၂၁)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ခိုက်မှုများဖြစ်ပွားပြီး နေ့လယ် (၁၁)နာရီကျော်အချိန်တွင် ပဒူရွာထဲဝင်၍ အထိုင်ချတပ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် ရဲကင်းစခန်းကို မေလ  (၂၂) ရက်နေ့ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ချဉ်းကပ်တိုက်ခိုက်ရာ နေ့လယ်ပိုင်းတွင် မုံရွာ နမခမှ ရဟတ်ယာဉ်တစ်စီးဖြင့် နေ့လယ် (၁၂)နာရီတွင် ပထမအကြိမ်၊ ညနေ (၃)နာရီခွဲကျော်တွင် ဒုတိယအကြိမ်နှင့် ညနေ (၅)နာရီခွဲဝန်းကျင်တွင် တတိယအကြိမ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာတွင်းရှိ လူနေအိမ်များ မီးလောင်သွားခဲ့ပြီး မြေပြင်ရှိ စစ်ကောင်စီတပ်ကလည်း ကျေးရွာကိုထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပဒူကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များကြား တိုက်ခိုက်မှုများကြောင့် ပဒူရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေကြရာ မေလ (၂၁)ရက်နေ့က စစ်ရှောင်ကားတစ်စီး တိမ်းမှောက်ကာ အမျိုးသမီး (၁)ဦးသေဆုံးကာ၊ (၂)ဦး ဒဏ်ရာရခဲ့ကြပြီး မေလ (၂၂)ရက်နေ့တွင်လည်း စစ်ရှောင်များခိုလှုံနေကြသည့် ဘုရားတွင် အုတ်တံတိုင်းပြိုကျ၍ အသက် (၅)နှစ်အရွယ် ကလေး (၁)ဦး သေဆုံးရသည်ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်၏ ဖေါ်ပြချက်အရ သိရသည်။