အာဏာသိမ်းတပ်အား ကျေးရွာသို့ မကြာခဏ ခေါ်နေသူဟု စွပ်စွဲခံရသည့် စကစခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ မှုခင်းသတင်းထောက် အသတ်ခံရ

အာဏာသိမ်းတပ်အား ကျေးရွာသို့ မကြာခဏ ခေါ်နေသူဟု စွပ်စွဲခံရသည့် စကစခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ မှုခင်းသတင်းထောက် အသတ်ခံရ
အောက်တိုဘာ 24, 2021 | အခြားဒေသများ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကမ္ဘာတဲကျေးရွာတွင် လက်နက်ကိုင်များရှိသည်ဟုဆိုကာ အာဏာသိမ်းစစ်တပ်ကို မကြာခဏသတင်းပေးနေသူဟု နာမည်ထွက်နေသည့် မှုခင်းသတင်းထောက် ဦးသောင်းအေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် အသတ်ခံရကြောင်း သိရသည်။

ဦးသောင်းအေးသည် ကျောက်ပန်းတောင်းမြို့နယ် USDP ပါတီအဖွဲ့ဝင် ဖြစ်ကာ လက်ရှိတွင်လည်း အာဏာသိမ်းစစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်သည့်အပြင် မှုခင်းသတင်းထောက်အဖြစ်လည်း လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

မှုခင်းသတင်းထောက်များသည် သတင်းသမားလုပ်ငန်းများ၊ သတင်းကျင့်ဝတ်များကို လိုက်နာမှုမရှိသည့်အတွက် ယခင် သတင်းမီဒီယာကောင်စီက သတိပေးထုတ်ပြန်ခြင်းများ မကြာခဏလုပ်ခဲ့ရသည်ကိုလည်း တွေ့ရသည်။

၎င်း၏သတင်းပေး ခေါ်ဆောင်မှုအရ ကျေးရွာတွင်းသို့ အာဏာသိမ်းတပ်က မကြာခဏ လာရှာလေ့ရှိသည့်အတွက် အများပြည်သူက ၎င်းအား ဒလန်ဟုသတ်မှတ်ထားကြပြီး ယနေ့ညနေ (၃)နာရီဝန်းကျင်တွင် သေနတ်ဖြင့် (၅) ချက်အပစ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုအား  TTA-ပြောက်ကျားတပ်(တောင်သာ)၊ Guardians of Mahlaing(မလိူင် )၊ 21-KPG (ကျောက်ပန်းတောင်) ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု TTA-ပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းအဖွဲ့က အာဏာသိမ်းမှုဆန့်ကျင်သည့်ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် လက်နက်ကိုင်တော်လှန်သည့်အဖွဲ့များ ရှိလာချိန်တွင် အာဏာသိမ်းအဖွဲ့အား သတင်းပေးသူ ဒလန်များ အသတ်ခံရခြင်းများ ရှိလာပြီး အချို့ဒေသကာကွယ်ရေးအဖွဲ့များက ဒလန်ဟု သတ်မှတ်ခံရသူများကို ဒလန်အလုပ်များဆက်မလုပ်တော့ဘဲ ပြည်သူ့ဘက်ရပ်တည်ရန် ရွေးချယ်ခွင့်ပေးပြီး သတိပေးခြင်းများကို လုပ်ဆောင်နေကြသည်ကိုလည်း တွေ့ရသည်။

ကယား(ကရင်နီ) ပြည်နယ်တွင် အာဏာသိမ်းမှုဖီဆန်သည့် ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် ကရင်နီပြည်ရဲတပ်ဖွဲ့က တော်လှန်ရေးအဖွဲ့အသီးသီးက ဖမ်းမိသည့် ဒလန်များအား လူ့အခွင့်အရေးနှင့်အညီ ဖမ်းဆီးချုပ်နှောင် စစ်ဆေး၍ အသက်ရှင်ခွင့်ပေးခြင်းကို လုပ်ဆောင်နေသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency