ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ(၁၅)ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ 

ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ(၁၅)ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ 
စက်တင်ဘာ 6, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းအား စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းများက စစ်ကြောင်ထိုးကာ ရွာကိုမီးရှို့နေသဖြင့် ကျေးရွာ(၁၅)ရွာမှ ဒေသခံထောင်ချီထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၃၀)ရက်နေ့မှ စက်တင်ဘာလ (၁)ရက်နေ့အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ပြီးနောက် စက်တင်ဘာလ (၄)ရက်နေ့တွင် နယ်မြေခံ ပျူစောထီးများပါဝင်သည့် စစ်ကြောင်း(၃)ခုနှင့်ပေါင်းကာ ထပ်မံစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းများသည် စက်တင်ဘာလ (၅)ရက်နေ့တွင် အင်းလယ်ကြီးရွာအနီးရှိ စစ်ရှောင်တဲများအား ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းများ ယူဆောင်သွားပြီး တဲများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။  

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ စစ်ကြောင်းထိုးနေခြင်းကြောင့် ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ညောင်ပေါင်ရင်း၊ ရွာမ၊ ဉာဏ်အင်း၊ အင်းလယ်ကြီး၊ ကျေးပင်အက်၊ အင်္ဂါဒေါင့်၊ သရက်တာ၊ ထိန်တော၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ ဘိုကုန်း၊ ပေလည်၊ မဲသည်၊ သပြေသာနှင့် ကိုင်းရိုး စသည့်ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများဖော်ပြနေသည့်  Infinity Groupထံမှ သိရသည်။

#TachileikNewsAgency

Photo : Infinity Group (၂၀၂၃ ခုနှစ် စက်တင်ဘာလ ပထမအပတ်အတွင်း မြင်တွေ့ရသည့် ထန်းကုန်းတိုက်နယ်စစ်ရှောင်များ)