မိုးဗြဲ PDF ထဲ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ခဲယမ်းများဖြင့် CDM လုပ်ဆောင်၍ ကျပ်သိန်း (၄၀) ချီးမြှင့်

မိုးဗြဲ PDF ထဲ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ခဲယမ်းများဖြင့် CDM လုပ်ဆောင်၍ ကျပ်သိန်း (၄၀) ချီးမြှင့်
နိုဝင်ဘာ 12, 2022 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်အတွင်း ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်မ (၅၅)လက်အောက်ခံ ခမရ (၅၁၁)မှ တပ်သားတစ်ဦး လက်နက်၊ ခဲယမ်းအပြည့်အစုံဖြင့် ပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၁၀၀၁ တပ်ရင်းထံ CDM ပြု လုပ်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ တပ်သား တင်ဝင်းသည် ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၉)ရက်က မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၏ ၁၀၀၁ တပ်ရင်း၊ တပ်ခွဲ(၂) သိန်းငှက်တပ်ခွဲသို့ ချိတ်ဆက်ပြီး လက်နက်ခဲယမ်းအပြည့်အစုံဖြင့်အတူ ပြည်သူ့ရင်ခွင်သို့ လာရောက်ခိုလှုံခဲ့ခြင်းဖြစ်သည်။

"ကျွန်တော် စစ်တပ်ထဲ၀င်လာတာ (၂) နှစ်ခွဲလောက်ရှိပြီး ဖယ်ခုံအခြေစိုက် ခမရ (၃၃၆)ကို ရောက်ရှိလာတာ (၉) လကျော်ရှိပြီ ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံးလုံး ဗဟိုကင်းမှာပဲ တာ၀န်ကျပါတယ်။ အထက်က ဗိုလ်တွေရဲ့ လုပ်ဆောင်ချက်တွေ၊ စနစ်ဆိုးတွေကို မကြိုက်နှစ်သက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရှေ့တန်းရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ လစဥ်ရပိုင်ခွင့်ရှိသော လစာများကို  တစ်ပြားတစ်ကျပ်မှ ထုတ်ပေးခြင်းမရှိဘဲ နောက် တန်းမှာကျန်ရှိတဲ့ စစ်ဗိုလ်များက ကျွန်တော်တို့ရဲ့လစာများကို ခေါင်းပုံဖြတ်ထုတ်ယူ သွားခဲ့ပါတယ်။ သူတို့တွေက နယ်ခံတပ်သားတွေကို ရှေ့တန်းမပို့ဘဲ ကျွန်တော်တို့ နယ်ဝေး၊ ရပ်ဝေးတပ်သားများကိုသာ အရှေ့ပွိုင့်ကို ထိုးကျွေးခိုင်းပါတယ်။ အဲဒီအထဲမှ ကျွန်တော့် သူငယ်ချင်းတပ်သား (၁)ဦးနှင့် ကျွန်တောာ့် ဆရာ (၂) ဦးတို့မှာလည်း မိုင်းဆွဲခံရပြီး သေဆုံးသွားခဲ့ပါတယ်။ တပ်တွင်းတွင်လည်း ဖိနှိပ်ချုပ်ချယ်မှုများ၊ ပျက်စီးယိုယွင်းမှုများ မြောက်များစွာရှိနေတာကြောင့် ကျွန်တော် ပြည်သူ့ရင်ခွင်ကို ခိုလှုံရန်ဆုံးဖြတ်ခဲ့ပါတယ်။"ဟု ၎င်းတပ်သားက ပြောသည်။ 

လက်နက်ဖြင့် CDM လုပ်ဆောင်လာသည့် အဆိုပါ စစ်ကောင်စီတပ်သားကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၁၀၀၁ တပ်ရင်းမှ ဆုငွေ (၂၀) သိန်းကျပ်တိတိနှင့် ပြည်သူ့သားကောင်းအဖွဲ့မှလည်း ဆုငွေ (၂၀) သိန်းကျပ်တိတိ စုစုပေါင်း ကျပ်သိန်း(၄၀) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယခုလို လက်နက်ခဲယမ်းများနှင့်အတူ CDM ပြုလုပ်လိုသည့် စစ်ကောင်စီလက်အောက်ခံ အရာရှိ စစ်သည်များအနေဖြင့် ဖုန်း 09787156583, 09788983361, 09788636008 သို့ ဆက်သွယ်လာနိုင်ကြောင်း Mobye People Defense Force က အသိပေး နှိုးဆော်ထားရှိသည်။