ရခိုင်ပြည်နယ်တွင် ယမန်နေ့တစ်ရက်တည်း စစ်ကောင်စီတပ်က အရပ်သား ၂၀ ကျော်ကို ဖမ်းဆီး

ရခိုင်ပြည်နယ်တွင် ယမန်နေ့တစ်ရက်တည်း စစ်ကောင်စီတပ်က အရပ်သား ၂၀ ကျော်ကို ဖမ်းဆီး

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့ တစ်ရက်တည်းအတွင်း အရပ်သား(၂၃)ဦးကို ဖမ်းဆီးသွားပြီး ဆက်သွယ်ရေးလိုင်းများလည်း ဖြတ်တောက်ထားကြောင်း သိရသည်။

မြောက်ဦးမြို့နယ်တွင် ရဲတပ်ရင်း (၃၁)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အရပ်သား (၂)ဦးအား လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့ကာ မြောက်ဦးအခြေစိုက် (၅၄၀)တပ်ရင်း၌ ဖမ်းဆီးထားသည်ဟု သိရသည်။ 

ကျောက်ဖြူမြို့နယ်တွင်လည်း ဂုံးချွိန်တိုက်နယ်၊ ဂုံးချွိန်ကျေးရွာမှ စျေးရောင်းချနေသူ ဒေသခံ(၆)ဦး၊ ကျောက်တလုံးကယ်ဆယ်ရေးစခန်းမှ ဈေးရောင်းနေသူ (၁၃)ဦးတို့အား ကျောက်ဖြူလေယာဉ်ကွင်းအဆုံး၌ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခလရ (၃၄)တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့အပြင် ရမ်းဗြဲမြို့နယ်၊ သံချောင်းတိုက်နယ်၊ သရက်ချောင်း‌‌ကျေးရွာမှ အသက် (၃၇)နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးမှာ ကျန်းမာရေးမကောင်းသဖြင့် တစ်ရွာတည်းနေ (၁၉)နှစ်အရွယ် ဒေသခံ တစ်ဦးအား အဖော်ခေါ်၍ ရမ်းဗြဲမြို့ပေါ်သို့ ဆေးခန်းသွားပြပြီးပြန်အလာတွင် ရမ်းဗြဲ၊ သိမ်တောင်ဘုရား၌ စခန်းချတပ်စွဲထားသော အမှတ် (၃၈)ခြေလျင်တပ်ရင်းမှ သိမ်တောင်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်ရှိ ပင်လယ်ကမ်းစပ်အနီး၌ ငါးဖမ်းပိုက်ချနေကြသည့် ရေလုပ်သား (၆)ဦးကိုလည်း ၎င်းရပ်ကွက်အတွင်း လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငါးဖမ်းပိုက်များကို သိမ်းဆည်းပြီး ငါးဖမ်းပိုက်ကွန်တစ်ခုကို အမဲသားတစ်ပိဿာဖြင့် လာရောက်ရွေးယူခိုင်းခဲ့သည်ဟု သိရသည်။

အမ်းမြို့နယ် ကဇုကိုင်း ‌တောဟိန်းတောင် အခြေစိုက် စစ်ကောင်စီစခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကမ်းထောင်းကြီးမြို့အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသား(၂)ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်တွေမြို့ရှိ အရပ်သား(၅၀)ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး အရပ်သားဖမ်းဆီးခံရခြင်း ဆက်တိုက်ဖြစ်လာကာ တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်။

#TachileikNewsAgency