တာချီလိတ်မြို့မရဲစခန်းတွင် အချုပ်သားများကို COVID-19 စစ်ဆေးပြီးမှသာ အချုပ်ခန်းများတွင် ချုပ်နှောင်

တာချီလိတ်မြို့မရဲစခန်းတွင် အချုပ်သားများကို COVID-19 စစ်ဆေးပြီးမှသာ အချုပ်ခန်းများတွင် ချုပ်နှောင်
ဇန်နဝါရီ 16, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မရဲစခန်းတွင် အချုပ်သားများကို COVID-19 စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သီးခြားအချုပ်ခန်းတွင် သတ်မှတ်ရက်အတိုင်း ထားရှိပြီးမှသာ အချုပ်ခန်းများတွင် ထည့်သွင်းချုပ်နှောင်ကြောင်း သိရသည်။

တရားခံဖမ်းပြီးတဲ့အချိန်မှာ မယ်ယန်းမှာသွားပြီးတော့ဖြစ်ဖြစ် COVID-19 စစ်ပါတယ်။ စစ်ပြီးလို့ Negative အဖြေထွက်ရင် Main အချုပ်ခန်း (၁၊ ၂၊ ၃၊ ၄) မှာမထားသေးဘဲနဲ့ အချုပ်ခန်း အခန်း (၅) မှာ (၁၄) ရက် ထားပါတယ်။ ထားပြီးတော့မှ သူ့ကိုအပေါ်ပို့ပါတယ်

 ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မရဲစခန်းတွင် တိုင်ကြားချက် လာရောက်ဖွင့်လှစ်ရာတွင်လည်း စခန်းအဝင်တွင် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာမှုများ လုပ်ဆောင်စေပြီး တိုင်ချက်ရယူရာတွင်လည်း သက်ဆိုင်ရာတာဝန်မှူးက တိုင်ချက်ဖွင့်လှစ်သူကို စခန်းတွင်းခေါ်ဆောင်ခြင်းမရှိဘဲ စခန်းအဝင်တွင်သာ တိုင်ချက်ကောက်ယူမှုများ လုပ်ဆောင်နေကြောင်း သိရသည်။  

COVID-19 မဖြစ်ခင်က အချုပ်ခန်းထဲမှာရှိတဲ့ အချုပ်သား (၉၂) ဦးရှိပါတယ်။ သူတို့ကို လွန်ခဲ့တဲ့ (၂) ပတ်လောက်က ဆေးရုံဟောင်းဝင်းထဲမှာ COVID-19 စစ်ပါတယ်။ အကုန် Negative ထွက်ပါတယ်။ တာချီလိတ် အချုပ်ခန်းတွေမှာရှိတဲ့ အချုပ်သားတွေအကုန်လုံးက COVID-19 ကင်းရှင်းပါတယ်။ အထက်အကြီးအကဲတွေနဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်နေပါတယ်

ဟု တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အချုပ်သားများကို တရားရုံးပို့ဆောင်ရာတွင်လည်း အချုပ်ကားကို ပိုးသတ်ဆေးဖြန်းခြင်း၊ အချုပ်သားများကို Mask တပ်ဆင်ခြင်း၊ လက်အိတ်စွပ်ခြင်းများကို COVID-19 စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နေကြောင်း သိရသည်။

အဓိက ကတော့ အချုပ်သားတွေ COVID-19 မကူးဖို့၊ သူတို့ကူးရင် ကိုယ်တို့ ရဲတပ်ဖွဲ့ဝင်တွေကို ကူးမယ်။ တပ်ဖွဲ့ဝင်တွေကူးရင် မိသားစုတွေလည်းကူးမှာစိုးတဲ့အတွက် တင်းတင်းကျပ်ကျပ် ဆောင်ရွက်ပါတယ်

ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့မရဲစခန်းရှိ အချုပ်ခန်းများတွင် အချုပ်သား (၁၇၀) ကျော်ရှိနေပြီး ၎င်းတို့အားလုံးတွင် COVID-19 ရောဂါပိုးကင်းရှင်းကြောင်း  အဖြေများ ရရှိထားကြောင်း သိရသည်။

COVID 19 ကာကွယ်ရေးအတွက် လက်ရှိကာလတွင် ဧည့်သည်တွေ့ဆုံမှုများ ခွင့်မပြုသကဲ့သို့ အချုပ်သားအတွက် အစားအသောက်များ ပေးပို့ရာတွင်လည်း စိစစ်ကြပ်မတ်မှုများကို COVID-19 စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး၊ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာချီလိတ်မြို့မ ရဲစခန်းမှူးတို့က ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။