ကောလင်းမြို့ရှိ သစ်ဖုလဘုရားကုန်းတပ်စခန်းကို တော်လှန်ရေးတပ်များတိုက်ခိုက်နေ

ကောလင်းမြို့ရှိ သစ်ဖုလဘုရားကုန်းတပ်စခန်းကို တော်လှန်ရေးတပ်များတိုက်ခိုက်နေ
ဖေဖော်ဝါရီ 27, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးဘေး သစ်ဖုလဘုရားကုန်းတွင် (၂)နှစ်ကျော်ကြာ တပ်ဆွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေကြောင်း သိရသည်။

ကျောက်တန်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားလမ်းမကြီးဘေးရှိ အဆိုပါ သစ်ဖုလဘုရားကုန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ကစတင်တိုက်ခိုက်နေရာ (၄)ရက်ကြာပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စခန်းမကျရေးအတွက် ယမန်နေ့က ဟောင်ဝင်ဇာဖြင့် (၁၀)ကြိမ်ကျော်နှင့် လေယာဥ်(၃)စီးဖြင့် ပစ်ကူပေးခဲ့ပြီး ဗုံးကြဲခြင်း၊ စက်သေနတ်များနှင့် ပစ်ခတ်ခြင်းများရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျ၍ ကျောက်တန်းရွာရှိ နေအိမ် (၄)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကောလင်း PDFက ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ ကားများသွားလာနိုင်ခြင်းမရှိသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

ကောလင်းမြို့ကို တော်လှန်ရေးတပ်များက ပြီးခဲ့သည့်နှစ်တွင် (၃)လကြာ ထိန်းချုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွါပေးခဲ့ရသည်။

#TachileikNewsAgency

Photo: Kawlin People Defense Force - KLPDF