ဂန့်ဂေါမြို့နယ် သင်တောရွာတွင် အရပ်သား ၁၀ ဦးကိုသတ်ကာ စစ်ကောင်စီတပ်က PDF ဝတ်စုံဝတ်ပေးပြီး PDFများဟု ဝါဒဖြန့်

ဂန့်ဂေါမြို့နယ် သင်တောရွာတွင် အရပ်သား ၁၀ ဦးကိုသတ်ကာ စစ်ကောင်စီတပ်က PDF ဝတ်စုံဝတ်ပေးပြီး PDFများဟု ဝါဒဖြန့်
ဖေဖော်ဝါရီ 14, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် သင်တောရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ကြောင်းထိုးကာ အရပ်သား(၉)ဦးကို သတ်ဖြတ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ဂန့်ဂေါခရိုင် အမှတ် (၁)တပ်ရင်းထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့က မြောက်ခင်ရန်းရွာဘက်မှ စစ်ကြောင်းထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအင်အား (၂၀၀)ဝန်းကျင်သည် သင်တော၊ ရွှေဘိုရွာသို့ စစ်ကြောင်းထိုးကာ သင်တောရွာမှ အရပ်သားများအား သတ်ဖြတ်သွားခြင်းဖြစ်သည်။



 

စစ်ကောင်စီတပ်များက ရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်စဉ် ကျည်ထိမှန်သေဆုံးသူ အရပ်သားတစ်ဦးရှိပြီး ဖမ်းမိ၍ အသတ်ခံရသည့်အရပ်သား (၉)ဦးရှိသည်ဟု သိရသည်။

အဆိုပါစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း ကျည်အင်အားလိုအပ်ချက်ကြောင့် ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

သတ်ဖြတ်ခံရသူများတွင် ဦးမောင်ပု၊ ဦးပြူသာ၊ ဦဌေးအောင်၊ ဦးမောင်နိုင်၊ ဦးဖိုးသေးနောင်၊ ဦးသက်လွင်၊ ဦးဘိုသန်း၊ ဦးတိုးလွင်၊ ဦးမျိုးသန့်နှင့် ဦးဇော်လင်းမောင်တို့ပါဝင်သည်ဟု သိရသည်။

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ ပြည်သူ့ကာကွယ်ရေးတပ်များမှ ရဲဘော်များဖြစ်ကြောင်း အမည်နှင့်တကွ ဝါဒဖြန့်ထားသည်။

"ဒီလူတွေဘယ်သူလဲဆိုတာ ဒေသခံတွေဆိုတာ ကျွန်တော်တို့ ဒေသခံတွေပဲသိတာပါ။ PDFတွေလို့ စစ်ကောင်စီတပ်က အမည်နဲ့တကွ စွပ်စွဲရအောင် PDFက ဘယ်သူတွေလဲ၊ အမည်ဘယ်လိုခေါ်လဲဆိုတာ စစ်ကောင်စီတပ်က သိလို့လား။"ဟု ဒေသခံတစ်ဦးက ပြန်လည်တုန့်ပြန်ပြောဆိုသည်။

စစ်ကောင်စီတပ်က ဒေသခံများကို သတ်ဖြတ်ကာ အဝတ်အစားများကို PDFဝတ်စုံများဖြင့် အစားထိုးဝတ်ဆင်ပေးထားခဲ့ကြသည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် မြောက်ခင်ရန်းရွာသို့ ပြန်ဝင်သွားပြီဖြစ်ပြီး ပြည်သူများအနေဖြင့် တိုက်ပွဲ ဖြစ်ပွားရာနေရာများသို့ သွားလာခြင်းများ ရှောင်ကျဉ်ပေးကြရန်လည်း ဂန့်ဂေါခရိုင် အမှတ် (၁)တပ်ရင်းက မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency

Photo: ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်း၊အမှတ်-၁စစ်ဒေသ