ကျိုင်းတုံမြို့တွင် ပေါက် နှင့် ညောင်တုန်းမြို့မှ CDM ကျောင်းဆရာ (၂)ဦး ဒေသခံ၏ သတင်းပေးမှုကြောင့် ဖမ်းခံရ

ကျိုင်းတုံမြို့တွင် ပေါက် နှင့် ညောင်တုန်းမြို့မှ CDM ကျောင်းဆရာ (၂)ဦး ဒေသခံ၏ သတင်းပေးမှုကြောင့် ဖမ်းခံရ
ဇူလိုင် 19, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက်အတွင်း၌ နယ်ဝေးမှ CDM လုပ်ဆောင်ကာ လာရောက် တိမ်းရှောင်နေသူ ရောက်ရှိပြီး စာသင်ပေးနေကြောင်း ဒေသခံ၏ သတင်းပေး တိုင်ကြားချက်အရ စရဖ(စရတ) နှင့် ရဲတို့က သွားရောက်ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်သည်ဟု သိရသည်။

 ကျိုင်းတုံမြို့ ဂန္ထဝင် Language Center တွင် CDM ကျောင်းဆရာ (၂)ဦး  အင်္ဂလိပ်စာသင်ကြားပေးနေကြောင်း စရဖ နှင့် ရဲတပ်ဖွဲ့အား သတင်းပေးတိုင်ကြားမှုကြောင့် ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့က ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

"ကျိုင်းတုံမှာက ဒလန်များတယ်။  ပထမ က CDM ဆရာ(၂)ဦးကို စာသင်လို့ဆိုပြီးဖမ်းတာ။ နောက်တော့ ဆရာဇော်ထက် ရဲ့ Facebook မှာ သူတို့ရဲ့  စစ်အာဏာရှင်ကို ဆန့်ကျင်လို့၊ ဆန္ဒပြပွဲမှာ ပါလို့ဆိုပြီး သိမ်းကြုံးပြီးတော့ ၅၀၅-က နဲ့ ဖွင့်လိုက်တာလို့ သိရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ဇူလိုင်လ(၁၉)ရက်နေ့တွင် ပြောသည်။

ဖမ်းဆီးခံရသည့် CDM ကျောင်းဆရာ(၂)ဦးမှာ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းအုပ်စု၊ ထုံးဝကျေးရွာတွင် နေထိုင်သူ အသက်(၂၈)နှစ် ကျောင်းဆရာ ဦးဇော်ထက် နှင့် မကွေးတိုင်း၊ ပေါက်မြို့နယ် ဆယ်ပင်းကျေးရွာအုပ်စု၊ မကျီးစင်ကျေးရွာမှ အသက်(၃၂)နှစ်အရွယ် ကျောင်းဆရာ ဦးနေလင်းတို့ ဖြစ်ကြောင်း သိရသည်။

ဖမ်းခံရသည့် CDM ကျောင်းဆရာ (၂)ဦးကို  ကျိုင်းတုံ စရဖ(စရတ) တပ်ကြပ်ကြီး တင်ကိုလှိုင်က တရားလိုပြုလုပ်ပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၃၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင် သိရသည်။

#TachileikNewsAgency