နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ သီန္နီမြို့များကို စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ဗုံးအလုံး ၁၀၀ ကျော်အသုံးပြုတိုက်ခိုက်

နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ သီန္နီမြို့များကို စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ဗုံးအလုံး ၁၀၀ ကျော်အသုံးပြုတိုက်ခိုက်
ဒီဇင်ဘာ 12, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ သီန္နီမြို့များကို စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့နှင့် (၁၁)ရက်နေ့တို့တွင် ပေါင် (၅၀၀)ဗုံးအပြင် လက်နက်ကြီးဖြင့်ပါ ဗုံးအလုံးပေါင်း (၁၀၀)ကျော် ကြဲချတိုက်ခိုက်ခဲ့သဖြင့် နေအိမ်များ ပျက်စီးကာ အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း TNLAထံမှ သိရသည်။

ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်သည် နမ့်ခမ်းမြို့ ပေါက်နေရပ်ကွက်သို့ ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ(၃)ဦး ဒဏ်ရာရပြီး နေအိမ် (၁၀)လုံးကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ 



 

ထို့အပြင် ယမန်နေ့တွင်ပင် တစ်နေ့လုံး စစ်ကောင်စီတပ်၏ နမ့်ဖက်ကာတပ်စခန်းမှ နမ့်ခမ်းမြို့သို့ လက်နက်ကြီးဖြင့် (၃၇)ကြိမ် ပစ်ခတ်ခဲ့ပြီး ဂျက်ဖိုက်တာ လေယာဉ်ဖြင့် (၁၀)ကြိမ်၊ Y 12 လေယာဉ်ဖြင့် ဗုံး(၁၁၂)လုံး ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

ထို့နောက် ညနေပိုင်းတွင် ဂျက်လေယာဉ်ဖြင့် မူဆယ်မြို့နယ် တုံခန်ရွာနှင့် ဟိုနောင်ရွာအနီးသို့ လာရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ၏ ဗျူဟာကုန်းတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ (၁၀၅)မိုင်မှ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးကာ (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ (၁၀)ရက်နေ့ ညပိုင်းတွင်လည်း စစ်ကောင်စီတပ်၏ တိမ်တောင်တပ်စခန်းမှ သီပေါမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် တစ်ညလုံးနီးပါး ပစ်ခတ်တိုက်ခိုက်မှုကြောင့် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ရွှေမောင်းသီလရှင်ကျောင်းတိုက်အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး သီလရှင်ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ 

  

ယင်းနေ့ညပိုင်းတွင်ပင် စစ်ကောင်စီ၏ လာရှိုးမြို့တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သိန္နီမြို့ ရပ်ကွက်(၁) ဈေးတန်းရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား နေအိမ်(၁၂)လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

 

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ (၁၁)ရက်နေ့အထိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများနေထိုင်သည့် မြို့ပြနှင့် ကျေးရွာများကို လက်နက်ကြီးအပါအဝင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားနေအိမ် (၂၈၂)လုံး မီးလောင်ပျက်စီးခဲ့သည်။

#TachileikNewsAgency

Photo:  PSLF/TNLA News