ခင်ဦးမြို့နယ်တွင် အရပ်သားတစ်ဦးအိမ်ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းရာ ကလေးတစ်ဦးသေဆုံးကာ ၃ ဦးဖမ်းဆီးခံရပြီး ကလေးငယ်၏ အလောင်းကိုပါ ယူသွား

ခင်ဦးမြို့နယ်တွင် အရပ်သားတစ်ဦးအိမ်ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းရာ ကလေးတစ်ဦးသေဆုံးကာ ၃ ဦးဖမ်းဆီးခံရပြီး ကလေးငယ်၏ အလောင်းကိုပါ ယူသွား

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အရပ်သားတစ်ဦး၏နေအိမ်အား စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့ ည(၁၁)နာရီဝန်းကျင်က ပစ်ခတ်ဝင်ရောက်စီးနင်းရာ ကလေးတစ်ဦးအပါအဝင် (၂)ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် (၃)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ခင်ဦးမြို့နယ် မြကန်သာရပ်ကွက်အရှေ့ပိုင်းရှိ အိမ်ရှင် မသီတာဦး၏နေအိမ်ကို ခင်ဦးမြို့မရဲစခန်းမှ အင်အား (၅၀)ဝန်းကျင်ဖြင့် တော်လှန်ရေးတပ်ဖွဲ့(UG)များရှိသည်ဟုဆိုကာ ညအချိန်တွင် ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများပစ်ခတ်၍ ဝင်စီးနင်းခြင်းကြောင့် မသီတာဦး၏ အသက်တစ်နှစ်ခွဲအရွယ်  အမွှာကလေးငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့ရပြီး အိမ်နီးချင်းအိမ်မှ အိပ်ပျော်နေသော အသက်(၅၃)နှစ်အရွယ် ကိုဖိုးပိန်မှာလည်း ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။ 

ထို့အပြင် စစ်ကောင်စီတပ်သားများက ပတ်ဝန်ကျင်ရှိအိမ်များကိုပါ ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား(၃)ဦးလည်း ထပ်မံဒဏ်ရာရကာ အိမ်ရှင်မသီတာဦးနှင့်အတူ အသက်ရှင်ကျန်ခဲ့သည့် အမွှာကလေးငယ်တစ်ဦးအပါအဝင် အိမ်နီးချင်းအမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“စစ်ကောင်စီတပ်ဘက်က သေဆုံးအမွှာကလေးငယ်တစ်ဦးအလောင်းပါ ယူဆောင်သွားတယ်။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီ၏ လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ ၎င်းတို့ဘက်ကပစ်ခတ်သဖြင့် ကလေးငယ် သေဆုံးသွားသည့် ဖြစ်စဉ်အား ဖုံးကွယ်ထားပြီး ပလဖ အဖွဲ့ဝင် ကားသမား မျိုးကျော်အိမ်ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်ဟုသာ လုပ်ကြံဝါဒဖြန့်ဝေထားသည်။

၎င်းအိမ်သည် တော်လှန်ရေးအဖွဲ့များနှင့် စပ်ဆက်မှုရှိ၊ မရှိကို အတည်မပြုနိုင်သည့်အပြင် လက်နက်များအား ဖမ်းဆီးရမိသည်ဆိုသည်မှာလည်း လုပ်ကြံစွပ်စွဲထားခြင်းဖြစ်သည်ဟု ဒေသခံများက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီဘက်ကမူ မသီတာဦးနေအိမ်မှ အမျိုးအစား(စိစစ်ဆဲ) စနိုက်ပါ တစ်လက်၊ စနိုက်ပါကျည်အိမ် တစ်ခု၊ ၎င်းကျည်(၅)တောင့်၊ M4 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ M4 ကျည်အိမ် တစ်ခု၊ ၎င်းကျည် (၂၀)တောင့်၊ KA မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အိမ်(၂)ခု၊ ၎င်းကျည်(၂၆)တောင့်၊ လက်လုပ်သေနတ်အရှည်တစ်လက်၊ လက်လုပ်မိုင်း တစ်လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ပလပ်ခေါင်း(၅၇)ခု၊ ဖျူးစ်(၁၀၀)ခု၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် သံဖြတ်စက်(၈)လုံး၊ ခဲဂေါက်(၂)ချောင်းနှင့် NLD တံဆိပ်ပါ နဖူးစည်းတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု စွပ်စွဲဝါဒဖြန့်ထားသည်။

#TachileikNewsAgency