စစ်တပ်၏ အကြမ်းဖက်မှုများကို အရေးယူနိုင်ရန် ဆက်လက်ကြိုးပမ်းမည်ဟု အမေရိကန်ကတိပြု

စစ်တပ်၏ အကြမ်းဖက်မှုများကို အရေးယူနိုင်ရန် ဆက်လက်ကြိုးပမ်းမည်ဟု အမေရိကန်ကတိပြု
စက်တင်ဘာ 21, 2023 | 2021 Military Coup

မြန်မာစစ်တပ်၏ အကြမ်းဖက်ရက်စက်မှုများကို အရေးယူနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့က ကတိကဝတ်ပြုခဲ့ကြောင်း NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံတွင် ကျင်းပနေသည့် (၇၈)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆက်စပ်တွေ့ဆုံမှုအဖြစ် အမေရိကန်နိုင်ငံ၏ အာရှနှင့် ပစိဖိတ်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Joseph Kritenbrinkနှင့် အဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးများအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

တွေ့ဆုံဆွေးနွေးရာတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာစစ်တပ်၏ အကြမ်းဖက်ရက်စက်မှုများကို အရေးယူနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့က ကတိကဝတ်များပြုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၃)ရက်နေ့က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မဲလီဆာ အေဘရောင်းက “မြန်မာနိုင်ငံတွင်းက ပိုပြီးဆိုးရွားလာနေတဲ့အခြေအနေတွေက စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးအကျပ်အတည်းတစ်ခုကို ဖော်ပြနေပြီး ဒေသတွင်းတည်ငြိမ်မှုအတွက် ကြီးထွားလာတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပါတယ် လူ့အခွင့်အရေးကိုလေးစားတဲ့ အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီသွားမယ့် လမ်းကြောင်းပေါ်  တိုင်းပြည်ကို ပြန်လည်ပို့ဆောင်ဖို့အတွက် မြန်မာနိုင်ငံထဲက အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အမေရိကန်အစိုးရရဲ့ လေးနက်တဲ့ သန္နိဋ္ဌာန်က ဆက်လက်တည်မြဲလျက်ပါ။”ဟု လူ့အခွင့်အရေး ကော်မရှင်ရှေ့တွင် ထွက်ဆိုခဲ့သည်။ 

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်ကျင်းပနေသော အဆိုပါဆွေးနွေးပွဲကို NUG အစိုးရအဖွဲ့ မှ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Ministry of Communications, Information and Technology - Myanmar