မောင်တောမြို့ရှိ တောင်ပြိုလက်ဝဲ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်

မောင်တောမြို့ရှိ တောင်ပြိုလက်ဝဲ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်
ဖေဖော်ဝါရီ 6, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင်  သိမ်းပိုက်လိုက်ကြောင်း AAထံမှ သိရသည်။

အဆိုပါစခန်းကို ဖေဖော်ဝါရီလ (၄)ရက်နေ့ကစတင်ပြီး ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၂၀၀)ကျော် ဘင်္ဂလာ‌‌ဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်ဖြင့် ထွက်ပြေးခဲ့ကြသည်။

"သေနတ်သံတွေတော့ တိတ်သွားပြီ။ လေယာဉ်နဲ့လာပစ်တာတွေ မရှိတော့ဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကို စစ်ကောင်စီတပ်သားတွေ ဒါဇင်ချီပြီး အစုလိုက်ထွက်ပြေးလာတာ။"ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တိမ်းရှောင်နေသည့် ရိုဟင်ဂျာတစ်ဦးက Tachileik News Agencyကို ယမန်နေ့ ဖေဖော်ဝါရီလ (၆)ရက်နေ့ နေ့လယ်ပိုင်းက ပြောသည်။

တောင်ပြိုလက်ယာရှိ နယ်ခြားစောင့်တပ်စခန်းကို ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ရက္ခိုင့်တပ်တော်က သိမ်းပိုက်ပြီးနောက် တောင်ပြိုလက်ဝဲရှိ နယ်ခြားစောင့်တပ်စခန်းကို ထပ်မံတိုက်ခိုက်၍ သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

"တောင်ပြိုလက်ဝဲစခန်းက စစ်ကောင်စီတပ်သားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂေါင်းဒုံးဘက်ကို ပြေးလာကြတယ်။ ဂေါင်းဒုံးနဲ့ တောင်ပြိုက သိပ်မဝေးဘူး။ ဂေါင်းဒုံးနယ်ခြားစောင့်တပ်က စခန်းမှာသူတို့ကို ယာယီခိုလှုံခွင့်ပေးထားတယ်။”ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂေါင်းဒုံးဒေသသို့ တိမ်းရှောင်နေသည့် ရိုဟင်ဂျာတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်၏ တောင်ပြိုလက်ယာ၊ လက်ဝဲစခန်းများအား ရက္ခိုင့်တပ်တော် သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး AAဘက်က ကျဆုံးသူရှိခဲ့သည်ဟု သိရသည်။

တောင်ပြိုလက်ယာစခန်းအား သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀)နီးပါး နယ်စပ်မှတစ်ဆင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ကြသည်။

#TachileikNewsAgency