ရွှေဘိုမြို့နယ်တွင် တောင်သူများကို PDF ထောက်ပံ့သည်ဟု စွပ်စွဲကာ မြို့တက် ဈေးရောင်းချခွင့် ပိတ်ပင်

ရွှေဘိုမြို့နယ်တွင် တောင်သူများကို PDF ထောက်ပံ့သည်ဟု စွပ်စွဲကာ မြို့တက် ဈေးရောင်းချခွင့် ပိတ်ပင်

 စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများမှ တောင်သူများကို PDF ထောက်ပံ့သည်ဟု စွပ်စွဲပြီး စစ်ကောင်စီအဖွဲ့များက မြို့တက်ကာ ဈေးရောင်းချခွင့် ပိတ်ပင်ပြီး ဖမ်းဆီးစစ်ဆေးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

တောင်သူများ စိုက်ပျိုးထားသည့် ပဲ၊ နှမ်း၊ စပါးများကို ရွှေဘိုမြို့သို့ သွားရောက် ရောင်းချရာတွင် စစ်ကောင်စီက ခန့်ထားသည့် ပျူစောထီးအဖွဲ့ဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လက်မှတ်ပါမှသာလျှင် စစ်ကောင်စီအဖွဲ့က ခွင့်ပြုပေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဖမ်းခံရပြီး ပြန်လွတ်လာတဲ့ တောင်သူတွေပြောတာတော့ ကောက်ပဲသီးနှံတွေရောင်းပြီး PDF တွေကို ထောက်ပံ့လို့ဆိုပြီး ဖမ်းတာလို့ပြောတယ်” ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် ပြောသည်။

ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးများသည် ရွှေဘိုမြို့တွင် နေထိုင်ကြပြီး ကျေးရွာများမှ လာရောက်ရောင်းချသည့် တောင်သူများကို စစ်ကောင်စီအဖွဲ့အား ဖမ်းဆီးခိုင်းမှုများရှိသည်ဟု ဆိုသည်။

“ရွှေဘိုတက္ကသိုလ် ဂိတ်ဝကနေကို စောင့်ဖမ်းတာပါ” ဟု ၎င်းက ထပ်လောင်းပြောပြသည်။

ရွှေဘိုအရှေ့ဘက်ကျေးရွာများတွင် တအုံ၊ အုံးပေါက်၊ မောင်းတက်၊ ကော့ရွာ၊ ကြိုးကြာ၊ မင်းဘေး အစရှိသည့်ကျေးရွာများမှ တောင်သူများမှာ စစ်ကောင်စီက ဖမ်းဆီးနေမှုများကြောင့် ရိတ်သိမ်းကောက်ပဲသီးနှံများကို မြို့တက်ရောင်းချခွင့် မရှိတော့ဘဲ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်တဝိုက်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ မကြာခဏတိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းများနှင့် တောင်သူများ လမ်းတွင် ထိပ်တိုက်တွေ့ပါက ပါလာသည်များကို မီးရှို့ဖျက်ဆီးမှုများလည်း ကြုံတွေ့နေရသည်ဟု ဆိုသည်။

ရွှေဘိုအရှေ့ဘက်ခြမ်း ဒေသတွင် စစ်ကောင်စီက စစ်သင်တန်းပေးထားသည့် ပျူစောထီးအဖွဲ့ကျေးရွာ (၃)ရွာခန့်ရှိပြီး ယင်းကျေးရွာများတွင် စစ်ကောင်စီအဖွဲ့က အထိုင်စခန်းချပြီး အင်အား(၂၀)ခန့်ဖြင့် တပ်စွဲထားလေ့ရှိသည်။

ထိုကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ကို ကျေးရွာပတ်ပတ်လည် မိုင်းများ ထောင်ထားသောကြောင့် အပြင်မထွက်ရဲဘဲ အထိုင်စခန်းဖြင့်သာ နေထိုင်ကင်းစောင့်နေရသည်။ 

အခြားကျေးရွာများကလည်း ထိုကျေးရွာများသို့ အဝင်အထွက်မလုပ်ရန် တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားသည်ဟုဆိုသည်။

အထိုင်တပ်အဖြင့်သာ ပျူစောထီးကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ကို တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

ရွှေဘိုမြို့ပေါ် နှင့် (၄)မိုင်ခန့်သာဝေးသည့် ထိုစစ်ကောင်စီစခန်းများသို့ ရွှေဘိုထောက်ပို့တပ်များက ပုံမှန်ထောက်ပို့မှုများရှိပြီး စစ်ကောင်စီစစ်ကြောင်းလိုက် ချီတက်လာသည့်အချိန်တွင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးသွားမှုများရှိကြောင်း သိရသည်။

#TachileikNewsAgency