အခြားတော်လှန်ရေးအဖွဲ့များလည်း စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်းတိုက်ခိုက်ကြရန် ညီနောင်မဟာမိတ် (၃)ဖွဲ့ တိုက်တွန်း

အခြားတော်လှန်ရေးအဖွဲ့များလည်း စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်းတိုက်ခိုက်ကြရန် ညီနောင်မဟာမိတ် (၃)ဖွဲ့ တိုက်တွန်း
အောက်တိုဘာ 31, 2023 | 2021 Military Coup| ရှမ်းမြောက်

၂၀၂၃ ခုနှစ်၊ ‌အောက်တိုဘာလ (၂၇)ရက်နေ့မှ စတင်ခဲ့သော ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်‌ရေးသည် ယနေ့ အောက်တိုဘာလ (၃၁) ရက်နေ့အထိ (၅)ရက်အတွင်း တပ်စခန်း (၇၀)ဝန်းကျင်နှင့် မြို့(၃)မြို့ကို ထိန်းချုပ်ထားသည်ဟု ညီနောင်မဟာမိတ် (၃)ဖွဲ့က ယနေ့ ညနေပိုင်းက သတင်းထုတ်ပြန်သည်။

ပထမ (၅)ရက်တာ စစ်ဆင်ရေးကာလအတွင်း  ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီန္နီမြို့ကို မဟာမိတ်တပ်များ ထိန်းချုပ်ထားဆဲဖြစ်ကာ ကိုးကန့်ပြည်နယ်၊ အထူးဒေသ (၁)အတွင်းမှ အဓိကမြို့များထဲမှ ချင်းရွှေဟော်နှင့် ဖောင်းဆိုင်မြို့များကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဆိုပါမြို့များကို လုံးဝထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသော မဟာမိတ်များအနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကို တွေ့ရှိနေရခြင်းသည် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် အကြိုနိမိတ်ဖြစ်သည်ဟု မဟာမိတ်(၃)ဖွဲ့ကဆိုသည်။

ထို့ကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ယခုကဲ့သို့သော ရတောင့်ရခဲ၊ ကြုံတောင့်ကြုံခဲ အခွင့်အရေးကို အမိအရဖမ်းဆုပ်ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့်သက်ဆိုင်သော စခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် ညီနောင်မဟာမိတ် (၃)ဖွဲ့မှ တိုက်တွန်းထားသည်။

#TachileikNewsAgency