တန်းတူရည်တူဆွေးနွေးမည်ဟု ဖိတ်ခေါ်ထားသည့် EAOs များကို စစ်ကောင်စီက နှိမ့်ချဆက်ဆံ

တန်းတူရည်တူဆွေးနွေးမည်ဟု ဖိတ်ခေါ်ထားသည့် EAOs များကို စစ်ကောင်စီက နှိမ့်ချဆက်ဆံ
အောက်တိုဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တန်းတူ၊ ရည်တူဆွေးနွေးမည်ဟု ပြောဆိုနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များက လာရောက်ဂါရဝပြုသည်ဟု လက်အောက်ငယ်သားအသုံးအနှုန်းသုံးကာ စစ်ကောင်စီက ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့က သတင်းဖော်ပြထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်ဟု စစ်ကောင်စီက ဖော်ပြထားခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်ကို  KNU/KNLA(PC)ဥက္ကဋ္ဌ စောထော့လေး၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ KKO အဖွဲ့မှ ကွပ်ကဲရေးမှူး စောဘငြိမ်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်သူရိန်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာ၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ်အမှုဆောင် နိုင်ဗညားလယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းတို့က လာရောက်ဂါရဝပြုသည်ဟု ဖော်ပြထားသည်။

အဆိုပါတွေ့ဆုံမှုတွင် NCA အဖွဲ့များက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ကျင်းပပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း၊ NCAနှင့် ပတ်သက်၍ အချို့အဖွဲ့အစည်းများက ပျက်ပြယ်ပြီဟု ထုတ်ပြန်မှုများရှိသော်လည်း NCAစာချုပ်မှာ ပျက်ပြယ်မှုမရှိဘဲ တည်တံ့ခိုင်မြဲနေဆဲဖြစ်ကြောင်း၊ NCAတွင် ပါဝင်မှုမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCAတွင် ပါဝင်လာနိုင်ရေးဆောင်ရွက်သင့်သည့် အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ခေါင်းဆောင်သည် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့၊ RCSS ဥက္ကဌ ဦးဆောင်သည့် အဖွဲ့တို့နှင့် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ သီးသန့်တွေ့ဆုံခဲ့ကြသည်ဟုလည်း သိရသည်။

အဆိုပါ NCA (၈)နှစ်ပြည့်ကို တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ဒုဥက္ကဌ ရဲဘော်မျိုးဝင်း အပါအဝင် (၃)ဦးကို နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းတာဝန်အသီးသီးမှ ရပ်ဆိုင်းကြောင်း ABSDFက ထုတ်ပြန်ထားသည်။

#TachileikNewsAgency