ကုန်းကြမ်းတပ်စခန်းမှ ထွက်ပြေးသွားသည့် စကခမှူး သေဆုံးသွားသဖြင့် အလောင်းပေးရန် စကစထံဆက်သွယ်သော်လည်း အကြောင်းမပြန်

ကုန်းကြမ်းတပ်စခန်းမှ ထွက်ပြေးသွားသည့် စကခမှူး သေဆုံးသွားသဖြင့် အလောင်းပေးရန် စကစထံဆက်သွယ်သော်လည်း အကြောင်းမပြန်
ဒီဇင်ဘာ 7, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ် စကခ(၁၂)၏ စကခမှူးကို အသေဖမ်းမိပြီး  စစ်ကောင်စီထံ အလောင်းပြန်ပို့လိုသောဆန္ဒရှိသော်လည်း စစ်ကောင်စီဘက်က အကြောင်းမပြန်ဟု MNDAAက သတင်းထုတ်ပြန်သည်။

MNDAAပြောရေးဆိုခွင့်ရှိသူက“မိမိတို့ဘက်မှ အောင်ဇော်လင်း၏ အလောင်းကို စကစထံပြန်ပို့လိုသော ဆန္ဒရှိပါသည်။ လက်ရှိ သက်ဆိုင်ရာဌာနနှင့် ဆက်သွယ်သော်လည်း အကြောင်းပြန်ခြင်းမရှိသေးပါ"ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီ စကခ(၁၂)မှ စကခမှူးထိုင်သည့် ကုန်းကြမ်းနေရာရှိ စစ်ကောင်စီ၏ နှစ်ပေါင်း(၃၀)နီးပါးကြာ တပ်စွဲတည်ဆောက်ခဲ့သော တပ်စခန်းကို MNDAAက သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၇၂)ဦး လက်နက်ချကာ (၁၈၀)ကျော်မှာ စကခမှူး အောင်ဇော်လင်းနှင့်အတူ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များအား MNDAAက လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀)ကျော်သေပြီး  စကခ(၁၂)မှ စကခမှူးလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

ကုန်းကြမ်းတပ်စခန်းမှ လက်နက်ချသော စစ်ကောင်စီအဖွဲ့ဝင်များမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ခလရ(၁၂၅)မှဖြစ်ပြီး မော်ထိုက်နှင့် ချုံကန်နေရာဘက်သို့ ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ  စကခ(၁၂)နှင့် စကခ(၁၆)တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု သိရသည်။

MNDAAက လိုက်လံပစ်ခတ်၍ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စကခ(၁၂)လက်အောက်ခံ တပ်ရင်း(၃၅၅)နှင့် စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၆၉)နှင့် တပ်ရင်း(၃၂၃)တို့ဖြစ်သည်ဟု သိရသည်။

MNDAAက လိုက်လံပစ်ခတ်ရာ သေဆုံးသွားသူများထဲတွင် စကခ(၁၂)စကခမှူး၏ ရုပ်အ‌လောင်းတစ်လောင်းတွေ့ရှိပြီး ၎င်းရုပ်အလောင်းပေါ်တွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိကာ သေဆုံးသွားသူမှာ စကခ(၁၂)မှ စကခမှူး အောင်ဇော်လင်းဖြစ်သည်ဟု ပဏာမကောက်ချက်ချ အတည်ပြု သည်ဟု MNDAAက ဆိုသည်။

ထို့ပြင် စစ်ကောင်စီအဖွဲ့ဝင်များ လိုက်လံပစ်ခတ်ခဲ့ရာ လွန်ခဲ့သည့်နှစ်ရက်အတွင်းက ရှီရှမ်းဒေသ လောက်ဖောက်လုပ်နေရာတကြောနှင့် ရှင်ဝမ့်ဒေသနှင့် နီးစပ်သည့် မာကြည်ကျိုင့်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency