တနင်္သာရီမြို့နယ် လေသာတောင် ဆက်သွယ်ရေးတပ်စခန်းမှ စစ်ကောင်စီတပ်သားများကို PDF တပ်များပစ်ခတ်

တနင်္သာရီမြို့နယ် လေသာတောင် ဆက်သွယ်ရေးတပ်စခန်းမှ စစ်ကောင်စီတပ်သားများကို PDF တပ်များပစ်ခတ်
ဇန်နဝါရီ 26, 2024 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု၊ ထိုးဒါကြီးရှိ(ဒေသခေါ်) လေသာတောင် ဆက်သွယ်ရေးတပ်စခန်းမှ စစ်ကောင်စီတပ်သားများကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့ ညနေပိုင်းတွင် PDFတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)မှ စစ်ကြောင်းမှူးများ ဦးဆောင်ကွပ်ကဲပြီး တောပုန်းကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီ ရိုးမပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)ထံမှ သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၅)ဦးသေဆုံး (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်သားများ သေဆုံးမှုကို Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်သေးပါ။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)တွင် မြိတ်ခရိုင် တပ်ရင်း(၂) တပ်ခွဲ(၂)၊ ကျွန်းစုမြို့နယ် ပကဖ၊ ပုလောမြို့ နယ်ပကဖ၊ တနင်္သာရီ ပကဖ၊ Dragon Squad ဒရုန်းလက်ရုံးတပ်ဖွဲ့တို့ ပါဝင်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂