မွန်ပြည်နယ်အတွင်း ချောင်းနှစ်ခွတိုက်ပွဲမှ ထွက်ပြေးစစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်များက လိုက်လံရှင်းရာ လက်နက်ခဲယမ်းများ ထပ်မံရရှိ

မွန်ပြည်နယ်အတွင်း ချောင်းနှစ်ခွတိုက်ပွဲမှ ထွက်ပြေးစစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်များက လိုက်လံရှင်းရာ လက်နက်ခဲယမ်းများ ထပ်မံရရှိ
နိုဝင်ဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား(၂၂)ဦးသေပြီး  (၂၈)ဦးဖမ်းမိကာ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း S.O.F အထူး တပ်ဖွဲ့ထံမှ သိရသည်။

ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ (၁၁)ရက်နေ့ ညပိုင်းတွင် စစ်ကူလာသော စစ်ကောင်စီတပ်မ (၂၂)လက်အောက်ခံ ခလရ(၈၁)စစ်ကြောင်းနှင့် S.O.F စစ်ကြောင်း (၂)တို့ ဖက်ထေးကုန်းကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား (၃)ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၁၂)ရက်နေ့၏ နံနက်ပိုင်းတွင် ဘုရားကုန်းအနီးတွင် နေရာယူထားသော အင်အား (၅၄)ဦးရှိ စစ်ကောင်စီတပ်၏ စစ်ကြောင်းနှင့် KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့်ထပ်မံ၍ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် ဒုဗိုလ်တစ်ဦး စနိုက်ပါထိမှန် သေဆုံးခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ဖက်ထေးကုန်းကျေးရွာအတွင်းရှိ ဘုရားကုန်းနေရာ၌ ဆက်လက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်ဘက်က  သေဆုံးမှုများလာသဖြင့် ကျန်ရစ်သူများ လက်နက်ချ အညံ့ခံခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး၊ ဒုဗိုလ်(၂)ဦး အပါအဝင် စစ်ကောင်စီတပ်သား(၁၄) ဦးသေကာ (၂၈) ဦး အရှင်ဖမ်းမိခဲ့ပြီး (၁၂)ဦး ဆုတ်ခွာထွက်ပြေး၍ ပုန်းအောင်းနေခဲ့သည်ဟု သိရသည်။

  နိုဝင်ဘာလ (၁၅)ရက်နေ့ညတွင်လည်း ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်အား ထပ်မံရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား (၅) ဦး ထပ်သေပြီး လက်နက်များထပ်မံ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲ (၆) ရက်တာအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၅၅)လက်နှင့် ခဲယမ်းကျည်အများအပြားရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ ရဲဘော် (၃)ဦး ကျဆုံးကာ (၁၀) ဦးဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

 

Photo: အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F