ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ရေတလျောက်တပ်စခန်းကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ရေတလျောက်တပ်စခန်းကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်
စက်တင်ဘာ 15, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထိုင်း-မြန်မာနယ်စပ်တွင်ရှိသည့် စစ်ကောင်စီတပ်၏ ရေတလျောက်တပ်စခန်းအား KNLAနှင့် ပူးပေါင်းတပ်များက ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းမျိုးစုံကို သိမ်းဆည်းရရှိခဲ့သည်ဟု KNU ဒူးပလာယာခရိုင်က ယနေ့ စက်တင်ဘာလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၈)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နာရီဝက်အကြာတွင်ပင် စခန်းတစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာကို ပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၉)ဦး သေဆုံးကာ အခြားတပ်သားများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး KNLAနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်(၃)ဦး ဒဏ်ရာရပြီး တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

 

သိမ်းပိုက်ရရှိသည့် စခန်းအတွင်းမှ MA-1 တစ်လက်၊ MA-2 (၂)လက်၊ MA-3 တစ်လက်၊ MA-4 ပူးတွဲ (၂)လက်၊ RPG-7  တစ်လက်၊ ၆၀ မမ ပြောင်းတို (၂)လက်၊ ပစ္စတို (၂)လက်နှင့် ငါးကြင်းမြှီးစက်လက် တစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့ပြီး ခဲယမ်း၊ ကျည်ဆံနှင့် အခြားပစ္စည်းများမှာ RPG-7 ကျည် (၇၀)လုံး၊ ၈၁ မမ ကျည် (၄၀)လုံး၊ ၆၀ မမ ကျည်(၁၁၀)လုံး၊ M-79 ကျည် (၄၀)လုံး၊ ၅.၅၆ ကျည် (၂၈၀၀)တောင့်၊ ၇.၆၂ ကျည် (၈၀၀)တောင့်၊ တိုက်မိုင်း (၂၀)လုံး၊ နင်းမိုင်း (၂၃)လုံး၊ ရှေ့ထွက်မိုင်း (၃)လုံး၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံး၊ မြေပုံ (၁)ရွက်၊ လက်ပစ်ဗုံး (၂၀) လုံးနှင့် Compass (၂)လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Dooplaya District