ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသတွင် တိုက်ပွဲများဆက်ဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသတွင် တိုက်ပွဲများဆက်ဖြစ်နေ
နိုဝင်ဘာ 30, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ ကျောက်မဲ၊ နောင်ချို၊ မူဆယ်နှင့် လားရှိုးမြို့တို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်တပ်စခန်းကုန်းအား TNLAမှ (၃)ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် (၇)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLAထံမှ သိရသည်။  

ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ နမ့်ဖတ်ကာတပ်စခန်းမှလည်း တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းစခန်းသစ်ကုန်းဘက်သို့ လက်နက်ကြီးဖြင့် (၇)ကြိမ် ပစ်ကူပေးခဲ့သည်ဟု သိရသည်။  

နမ့်ခမ်းမြို့နယ် ရွှေလီ-မန်ဝိန်းတံတားကြီးဘက်တွင်လည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်တစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ 

နောင်ချိုမြို့နယ် သံဘိုကျေးရွာအနီးတဝိုက်၊ သင်ကုန်ကျေးရွာကြားနှင့် ရေဝင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်း MDY PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကာ မူဆယ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ (၁၀၅)မိုင် တပ်စခန်းကိုလည်း ညီနောင်မဟာမိတ်(၃)ဖွဲ့က တိုက်ခိုက်နေကြောင်း သိရသည်။

မူဆယ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ (၁၀၅)မိုင်တပ်စခန်းကို ညီနောင်မဟာမိတ်(၃)ဖွဲ့က တိုက်ခိုက်နေရာ  စစ်ကောင်စီတပ်ဘက်က Mi35၊ တိုက်လေယာဉ်များဖြင့် (၃)ကြိမ် ပစ်ကူပေးခဲ့သည်ဟု သိရသည်။

ထို့အပြင် မူဆယ်မြို့ ကျင်စန်းကျော့ဂိတ်အနီးတဝိုက်ကိုလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် တစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျောက်မဲမြို့နယ် ကျင်တီတံတားဘက်နှင့် အေရှာဝေါတိုးဂိတ်အနီးတဝိုက်ကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၁၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ကျောက်မဲမြို့နယ်တွင်လည်း ငြိမ်းချမ်းရေးကုန်း၊ ကြူရှောကျေးရွာဘက်နှင့် နောင်ပြစ်ကျေးရွာအနီး တဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၁၄)ကြိမ်ပစ်ခတ်ခဲ့ပြီး လားရှိုးမြို့နယ် ပန်ဟုံကျေးရွာ၊ ပန်းထိုလင်၊ ပိန်ခန်းကျေးရွာဘက်နှင့် မန်ကျန်ကျေးရွာအနီးတဝိုက်ကိုလည်း စစ်ကာင်စီတပ်က  လက်နက်ကြီးဖြင့် (၁၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency