တန့်ယန်းမြို့နယ်အတွင်း ရေလွှဲဆည် တည်ဆောက်ပေးရေးတွင် နယ်မြေလုံခြုံမှု မရှိဆိုသည့် ဝန်ကြီးအဖြေကို လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ချေပ

တန့်ယန်းမြို့နယ်အတွင်း ရေလွှဲဆည် တည်ဆောက်ပေးရေးတွင် နယ်မြေလုံခြုံမှု မရှိဆိုသည့် ဝန်ကြီးအဖြေကို လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ချေပ
ဒီဇင်ဘာ 14, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စုအတွင်း မန်ကောင်းရွာတွင် နယ်မြေလုံခြုံမှုမရှိ၍ ဆည်တည်ဆောက်ပေးရန် မဖြစ်နိုင်ကြောင်း ဝန်ကြီးကဖြေကြားမှုကို ပြည်သူ့စစ် လုံခြုံရေးယူထား၍ နယ်မြေလုံခြုံရေးစိတ်ပူရန် မလိုကြောင်း တန့်ယန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ချေပပြောဆိုလိုက်သည်။

“မန်ကတ်ကျေးရွာအုပ်စုဟာ မန်ပန်ပြည်သူ့စစ် ဌာနပြည်သူ့စစ် လုံခြုံရေးယူထားတဲ့ နေရာဖြစ်ပါတယ်။ လုံခြုံရေး မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး ခင်ဗျ။ ဝန်ကြီးအနေနဲ့ ပြန်လည်စဉ်းစားပေးဖို့ ကျွန်တော် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ် ခင်ဗျ” ဟု တန့်ယန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်ပွင့်က လွှတ်တော်တွင် ထပ်ဆင့်မေးခွန်းအဖြစ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မန်ကောင်းကျေးရွာ နမ့်မိုက်ချောင်းပေါ်ရှိ ဆည်တည်ဆောက်ရမည့်နေရာအား ကွင်းဆင်းစူးစမ်း လေ့လာမှုပြုလုပ်ရန် နယ်မြေလုံခြုံမှု မရှိသေး၍ ဆည်တည်ဆောက်ပေးရန်အစီအစဉ် မရှိသေးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြည်သူ့လွှတ်တော်တွင် ပြန်လည်ဖြေကြားသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်က ထပ်ဆင့်မေးခွန်းအဖြစ် ပြန်လည်မေးမြန်းလိုက်ခြင်း ဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ ဆက်စပ်မေးမြန်းတဲ့ မေးခွန်းနဲ့ စပ်လျဉ်းပြီး  ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြန်လည် စိစစ်ပေးပါ့မယ်။ ပြန်လည်စိစစ်ပြီးတာနဲ့ အခြေအနေပေးတာနဲ့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်ကိုယ်စားလှယ်၏ ထပ်ဆင့်မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။

မန်ကတ်ကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာအနီး နမ့်မိုက်ချောင်းပေါ်တွင် ဒေသနေတောင်သူများက သစ်၊ ဝါးများ အသုံးပြုပြီး ယာယီရေလွှဲဆည်တစ်ခု တည်ဆောက်ထားကာ လယ်မြေ ဧက (၁၂၀) ခန့်အတွက် စိုက်ပျိုးရေ ရယူနေသော်လည်း နှစ်စဉ် မိုးရာသီတွင် ချောင်းရေတိုက်စားခံနေရသည့်အတွက် အခိုင်အမာ ရေလွှဲဆည်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  တန့်ယန်း မဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်ပွင့်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~