အကြမ်းဖက်မှုကြောင့် လူထုထောက်ခံမှုကျဆင်းနေသည့် စစ်ခေါင်းဆောင်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းရန် ပြည်သူကိုတိုက်တွန်း

အကြမ်းဖက်မှုကြောင့် လူထုထောက်ခံမှုကျဆင်းနေသည့် စစ်ခေါင်းဆောင်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းရန် ပြည်သူကိုတိုက်တွန်း
နိုဝင်ဘာ 7, 2023 | 2021 Military Coup

မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်မှုကြောင့် လူထုထောက်ခံမှုကျဆင်းနေသည့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းပါဝင်ကြရန် ပြည်သူလူထုအား တိုက်တွန်းပြောဆိုလိုက်သည်။ 

ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာတွင် ယင်းသို့ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

“အသိဉာဏ်ဆင်ခြင်မှု တရားကင်းမဲ့သော  အဖျက်သမား၊ သစ္စာဖောက်များ၏ နှောင့်ယှက်ဖျက်ဆီးမိုက်မဲမှုများကြောင့်  ဒေသခံပြည်သူများအနေဖြင့်  ဆင်းရဲဒုက္ခများစွာ ခံစားနေကြရပါသည်။  သို့ဖြစ်၍ တိုင်းရင်းသား ပြည်သူလူထုအနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုး၊ ပြည်သူအကျိုးကိုကြည့်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါသည်။”ဟု မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ၎င်းတို့အာဏာသိမ်းပြီးနောက် (၂)နှစ်ခွဲကျော်ကြာပြောဆိုလာသည့် မူ(၅)ရပ်ကို ထပ်မံထည့်သွင်းပြောဆိုခဲ့ပြီး ပြည်ပနိုင်ငံကြီးအချို့၏ ဘက်ပေါင်းစုံမှ ဖိအားပေးအကျပ်ကိုင်မှုများကြောင့် ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးများ ထိခိုက်စေခဲ့ပြီး နိုင်ငံ့စီးပွားတိုးတက်သင့်သလောက် မတိုးတက်ခဲ့ဟုလည်း ပြောဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၇)ဖွဲ့နှင့်  NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့ စုစုပေါင်း (၁၀)ဖွဲ့တို့သည် ငြိမ်းချမ်းရေးအတွက် အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြသည့်အတွက် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ယမန်နေ့ နိုဝင်ဘာလ (၆)ရက်နေ့ ထုတ်ပြန်ထားသည့် စာရင်းများအရ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၄၁၇၄)ဦးရှိခဲ့ပြီး သေဒဏ်ချမှတ်ခံထားရသူ (၁၆၃)ဦး၊ ဖမ်းဆီးခံထားရသူ (၂၅,၃၇၉)ဦးရှိသည့်အနက် (၈,၀၀၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။

စစ်တပ်နှင့်၎င်း၏ အပေါင်းအပါအုပ်စုများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်းချိန်မှ ၂၀၂၃ခုနှစ် စက်တင်ဘာလအထိ နိုင်ငံတဝန်းရှိ ပြည်သူလူထု၏နေအိမ် (၇၁,၄၂၄)အိမ် မီးရှို့ဖျက်ဆီးခံရပြီး အဓမ္မရွှေ့ပြောင်းခံရသည့် နေအိမ်(၁၆,၃၉၂)အိမ်ရှိကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အများစုမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှဖြစ်ပြီး အဓမ္မ ပြောင်းရွှေ့ခံရသည့် နေအိမ်များမှာ ရန်ကုန်တိုင်းမှ အများဆုံးဖြစ်ကြောင်း အချက်အလက်ကောက်ယူနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

#TachileikNewsAgency