မြန်မာ-တရုတ်နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ် လက်နက်ကြီးကျ၍ ကုန်အပြည့်ကားအစီး ၃၀ ကျော်မီးလောင် ဆုံးရှုံး

မြန်မာ-တရုတ်နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ် လက်နက်ကြီးကျ၍ ကုန်အပြည့်ကားအစီး ၃၀ ကျော်မီးလောင် ဆုံးရှုံး
နိုဝင်ဘာ 23, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ တရုတ်နယ်စပ်ရှိ ကျင်စန်းကျော့ကားကွင်း ယာဉ်ရပ်နားဝင်းအတွင်း ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးကျ၍ မီးလောင်နေသည့်ကားများအား မီးသတ်ကားများဖြင့် မီးငြိမ်းသတ်နေပြီဖြစ်ပြီး ကားအစီး(၃၀)ကျော် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ကုန်ပစ္စည်းတင်ကားကြီးများထားရာ ယာဉ်ရပ်နားကွင်းသို့ လက်နက်ကြီးကျပြီး ကုန်ကားများ မီးလောင်ပျက်စီးခဲ့သဖြင့် ကားအစီး(၃၀)ထက်မနည်း ပျက်စီးဆုံးရှုံးသွားပြီး ကျန်ရှိကားများအား မီးမကူးစေရန် ထုတ်ယူနေကြပြီဖြစ်ကြောင်း သိရသည်။

“အခုတခြားကားတွေကို ပေးထုတ်နေပြီ။ မူဆယ် ကျင်စန်းကျော့ 7 ဟွာကျင့် လက်နက်ကြီးကျည်ကျပြီး မီးလောင်တာပါ။ ကားက(၃၀)ကျော် မီးလောင်သွားတယ်။ မီးသတ်နေပြီ မီးမငြိမ်းသေးဘူး။ ကုန်တွေကအစုံပဲ။ တန်ပြည့်ကားတွေ။”ဟု အနီးရှိ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

မီးလောင်နေသည့် ကုန်ကားများမှာ နှစ်နိုင်ငံပို့ကုန်များတင်ပို့ရန် ရောက်ရှိနေသော ကားများဖြစ်ပြီး တရုတ်နိုင်ငံဘက်ကလည်း နိုဝင်ဘာလ (၂၄)ရက်နေ့ နောက်ဆုံးထားပြီး ပစ္စည်းတင်ထားသောကားများ ပြန်သွင်းရန် ကြေညာထားသည်ဟု သိရသည်။

“လက်နက်ကြီးထိတာလို့လည်း ပြောတယ်။ နှစ်ဖက်အပစ်အခတ်တွေရှိနေတော့ အခြေအနေက မသိရသေးဘူး။ ”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကို ပြောသည်။

 

ယာဉ်ရပ်နားစခန်းတွင် ရပ်နားထားသော ကုန်ကားစီးရေများစွာရှိနေပြီး ကုန်ကားများမီးလောင်နေခြင်းကြောင့် ကားဝန်းအတွင်းရှိ အရပ်သားများ ထွက်ပြေးတိမ်းရှောင်ခဲ့ကာ မည်သည့်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကားများဖြစ်သည်ကို စုံစမ်းနေဆဲဟု ဒေသခံများက ပြောသည်။ 

အခြေအနေအသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့တာဝန်ရှိသူများကလည်း မသိရှိသေးဟု Tachileik News Agencyကို ပြန်လည်ဖြေကြားထားသည်။

#TachileikNewsAgency

Photo : CJ