သထုံ နှင့် ဘားအံ အကြား ဒူးရင်းဆိပ်တံတား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြားသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

သထုံ နှင့် ဘားအံ အကြား ဒူးရင်းဆိပ်တံတား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြားသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 မွန်ပြည်နယ်၊ သထုံနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့အစပ် အာရှလမ်းမပေါ်  ဒူးရင်းဆိပ်တံတားရှိ စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်(၄၅)ဦးကျော်သေပြီး သေနတ် (၅)လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုစစ်ကြောင်း၏ ယနေ့ဇွန်လ (၃) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်ကို တပ်ပေါင်းစု Sniper Team မှ Sniper ဖြင့် စတင်ပစ်ခတ်ခဲ့ပြီး ကရင်ဘတ်ခြမ်းနှင့် မွန်ဘတ်ခြမ်းတွင် အသင့်ပြင်ထားသော ကားမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကရင်ပြည် နယ်ဘက်ခြမ်း စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးသေပြီး မွန်ပြည်နယ်ဘတ်ခြမ်းတွင် (၇)ဦးသေသည်ဟု ဆိုသည်။

ကားမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီးချိန်တွင် တပ်ပေါင်းစုမှ ရှင်းလင်းရေးအဖွဲ့မှ ကရင်ပြည်နယ်ဘတ်ခြမ်းရှိ စစ်ဆေးရေးဂိတ်အား ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦး ထပ်မံသေသည် ဟု ထုတ်ပြန်ထားသည်။

၎င်းနောက် စစ်ကောင်စီတပ်၏ ဘားအံတပ်မ(၂၂)မှ စစ်ကူပေးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ယာဥ်တန်းအား အမှတ်(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုစစ်ကြောင်း အဖွဲ့ဝင်ဖြစ်သည့် UNITED DEMOCRATIC FORCE - UDF မှ သထုံ၊ဘားအံနယ်စပ် အောက်ကော့ရင်းကျေးရွာအနီးတွင် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာ ဘားအံ တပ်မ(၂၂)မှ ဗိုလ်ကြီးမိုးမင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦးသေသည်ဟု ထုတ်ပြန်ထားသည်။

၎င်း ဒူးရင်းဆိပ်စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွါပြီးချိန်တွင် အမှတ်(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုစစ်ကြောင်း မိုင်းအဖွဲ့မှ ကော့ပနော့ကျေးရွာအနီး ချောင်းကမ်းနဘေးတွင်း ကား(၁)စီးပေါ်တွင် မိုင်းဆင်၍ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကျောက်တလုံး-ဝင်းဒရယ်ရွာဘတ်မှ စစ်ကူလာသည့် စစ်ကောင်စီ နှင့်ပူးပေါင်း BGF တပ်ဖွဲ့ဝင် (၅)ဦးထပ်မံ သေသည်ဟု သိရသည်။

ဒါအပြင် မွန်ပြည်နယ်ဘတ်ခြမ်းမှ စစ်ကူမလာနိုင်စေရေးအတွက် မ(၁)နှင့် ခလရ(၂၀၆) အမြှောက်တပ်အား KNLA ပူးပေါင်း PDF တပင်ရွှေထီးစစ်ကြောင်းမှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည် ဟု သိရသည်။ 

အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးသူများမှာ ဘားအံ တပ်မ (၂၂)မှ ဗိုလ်ကြီးမိုးမင်း၊ ရဲတပ်ဖွဲ့မှ ဒုရဲမှူး သီဟဇော်၊ ရဲတပ်ကြပ် စိုးညွန့်ဝင်း၊ ရဲတပ်သား ကျော်ရဲအောင်၊ ရဲတပ်သား ဦးချစ်သူ၊ ရဲတပ်သား ကျော်ရဲနောင်၊  ခမရ ၂၀၆ မှ တပ်ကြပ် အောင်ရဲနိုင်၊ ရဲတပ်သား  ခွန်ဥက္ကာစိုး တို့သေဆုံးကြောင်း အတည်ပြုသည်ဟု ဆိုသည်။

ဒါ့အပြင် G3(၂)လက် ကျည်ဘောက် (၃)ခု၊ MA(၁)လက် ကျည်ဘောက် (၂)ခု၊  Uzi 9mm (၁)လက်နှင့် AKP စက် သေနတ် (၁)လက်၊ ဖုန်း(၂)လုံး၊ AK ကျည် (၃၀၃)တောင့် နှင့် G3 ကျည် (၂၁၀)တောင့်လည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း တပ်ပေါင်းစုမှ တပ်ဖွဲ့ဝင် (၁)ဦးနှင့် KNLA ဘတ်မှ ရဲဘော် (၁)ဦးကျဆုံးပြီး တပ်ပေါင်းစုမှ ရဲဘော် (၁)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Photo: အမှတ် - ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု၊ သထုံခရိုင်။