မြိတ်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များဝင်တိုက် နှစ်ဘက်ကျဆုံးသူရှိ

မြိတ်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များဝင်တိုက် နှစ်ဘက်ကျဆုံးသူရှိ
အောက်တိုဘာ 23, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း မြိတ်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲနှစ်ကြိမ်ဖြစ်ကာ နှစ်ဘက်ကျဆုံးမှုရှိခဲ့ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တနင်္သာရီမြို့နယ် တုံးဗျောကြီး စစ်ကောင်စီကင်းစခန်းအား ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက  ဝင်ရောက်ပစ်ခတ်ရာ အပြန်အလှန်ပစ်ခတ်မှု (၂)နာရီကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ  မဟာမိတ်ပူးပေါင်းတပ်ဘက်မှ ရဲဘော်(၂)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီကင်းစခန်းကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိတ်ပကဖ)၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီပကဖ)၊ KNDO တပ်ရင်း(၇) ပူးပေါင်းစစ်ကြောင်းတို့က နံနက်(၅)နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၂၁)ရက်နေ့ ညနေပိုင်းတွင် ငရံ့အင်းရွာဟောင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency