တောင်ငူမြို့နယ်အတွင်း ထုံးဘိုကြီးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆိုင်ကယ်သမား တစ်ဦးသေဆုံးခဲ့ရ

တောင်ငူမြို့နယ်အတွင်း ထုံးဘိုကြီးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆိုင်ကယ်သမား တစ်ဦးသေဆုံးခဲ့ရ

ပဲခူးတိုင်း၊  တောင်ငူမြို့နယ်၊ ကုရင်ချောင်းကျေးရွာအုပ်စုအတွင်း  ထုံးဘိုကြီးကျေးရွာတွင်ရှိနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်သားများ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရသည့်အတွက်  ၎င်းတို့၏ ပြန်လည် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆိုင်ကယ် ကယ်ရီးသမား အမျိုးသားတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးခဲ့ရကြောင်း သိရသည်။

ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA - Karen National Liberation Army)၏ တပ်မဟာ(၂)နှင့် ပူးပေါင်းတပ်များက ကျေးရွာရှိ  အမှတ်(၆၀၅)ခြေမြန်တပ်ရင်း၏ လက်အောက်ခံ စစ်ကောင်စီတပ်စခန်းနေရာကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့  နံနက်ပိုင်းက သွားရောက်ပစ်ခတ်ခဲ့ရာ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရသည့် အာဏာသိမ်းစစ်ကောင်စီ တပ်သားများက ပြန်လည်ပြီး ရမ်းသမ်းပစ်ခတ်သည့်အတွက် ဆိုင်ကယ် ကယ်ရီးသမား အမျိုးသားတစ်ဦး သေဆုံးသွားရခြင်း ဖြစ်သည်။

"စစ်ကောင်စီတပ်ဘက်က ရမ်းပစ်လို့ နံနက်(၉)နာရီလောက်မှာ လမ်းသွားလမ်းလာ လိပ်သိုမြို့နယ်က ဆိုင်ကယ်သမားတစ်ယောက် အဆုတ်ကို ကျည်ဖောက်ပြီး ဆုံးသွားပါတယ်။" ဟု KNLA တပ်ဖွဲ့မှ မြေပြင်ရောက်နေသူတစ်ဦးက Tachileik News Agency ကို ပြောပြသည်။

အဆိုတိုက်ပွဲကို နံနက်(၇)နာရီအချိန်က စတင်ခဲ့ရာ  စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိခဲ့ပြီး ပူးပေါင်းတပ်များဘက်က ထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။



တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်ရာ ပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွါသွားပြီဖြစ်သော်လည်း ထပ်မံ ပစ်ခတ်နေဆဲဟု သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေများကြောင့် လိပ်သို၊ တောင်ငူနှင့် ရေတာရှည်မြို့နယ်များတွင်ရှိသည့် ပြည်သူများအနေဖြင့် ထုံးဘိုကြီးဘက်ကို သတိနှင့်ဖြတ်သန်းသွားလာကြရန်လည်း အသိပေး ထားသည်။

#TachileikNewsAgency