ကိုးကန့်‌ဒေသ ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို MNDAA ထပ်သိမ်း

ကိုးကန့်‌ဒေသ ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို MNDAA ထပ်သိမ်း
နိုဝင်ဘာ 23, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တုန်းရှမ်းဒေသ ရင့်ရှင့်အနောက် တောင်ကုန်း ရာပါးချင့်နေရာရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို MNDAA က သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ (၂၂)ရက်နေ့က MNDAAသည် ရင့်ရှင့်စခန်း၏ တစ်ဘက်ခြမ်း ဟုန်အိုင်ထုံးနေရာရှိစစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာ နာရီဝက်‌ကြာ တိုက်ပွဲဖြစ်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် MNDAAသည် ဒေသလုံခြုံရေးတပ်ဖွဲ့နှင့်ပူးတွဲပြီး ရှင်းဝမ်ဒေသ၊ လောက်ကောင်ကျိုင့်မှ မန်ကန်ရွာကြား၌ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၅)ဦးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ (၉)ဦးသေပြီး ကျန်ရှိစစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြသဖြင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၁)ရက်ကလည်း MNDAAသည် ကိုးကန့်ဟုန်ရှင်းဒေသ ရှင့်ထန်အုပ်စု ချစ်ကျူလင်ရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင်လည်း လက်နက်ခဲယမ်းနှင့် ဆန်များသိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယင်းနေ့ နေ့လယ်ပိုင်းတွင် နန်ဟူထန်ရွာမှ တာကျူချင့်ရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို MNDAAမှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ရှမ်းမြောက်တွင် မဟာမိတ်တက်များ၏ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း(၁၆၄)ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : The Kokang